မန်ယူအသင်းနည်းပြရာထူးကို  စိတ်မဝင်စားဟု  ဇီဒန်း  ပြောကြား

မန်ယူအသင်းက လစ်လပ်သွားတဲ့ နည်းပြရာထူးအတွက် ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် နည်းပြဇီဒန်းကတော့ မန်ယူအသင်းနည်းပြရာထူးကို စိတ်မဝင်စားဘူးလို့ ဒီနေ့ ဘီဘီစီအားကစားသတင်းတစ်ရပ်က ဖော်ပြထားပါတယ်။

မန်ယူအသင်းဟာ စနေနေ့ ညပိုင်း(နိုဝင်ဘာ ၂၀ ရက်)က တန်းတက်ဝက်ဖို့ဒ် အသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၁ ရက်မှာ နည်းပြဆိုးရှားကို အသင်းနည်းပြအဖြစ် ကနေ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ်အသင်း နည်းပြအဖြစ် ပထမသက်တမ်း စတင်တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလားကို သုံးနှစ်ဆက်တိုက်ရယူပေးခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် နည်းပြ ဇီဒန်းဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ လမ်းခွဲခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ရီးယဲလ်မက်ဒရစ်အသင်း နည်းပြအဖြစ် ဒုတိယသက်တမ်း ပြန်လည်ထမ်းဆောင်ခဲ့ကာ စပိန်လာလီဂါ ဖလားနဲ့ စပိန်စူပါဖလားတို့ကို ရယူပေးခဲ့တာဖြစ်ပြီး ယခုနှစ် မေလအတွင်းက ရီးယဲလ်မက်ဒရစ်အသင်း နည်းပြအဖြစ်ကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် နည်းပြဇီဒန်းဟာ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပေမယ့် မန်ယူအသင်းနည်းပြ ဖြစ်လာ ဖို့တော့ စိတ်မဝင်စားဘူးလို့ သိရပါတယ်။ ဒါပေမဲ့ နည်းပြ ဇီဒန်းဟာ ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ပီအက်စ်ဂျီ အသင်းတို့ရဲ့ နည်းပြဖြစ်လာဖို့တော့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုကတော့ မန်ယူအသင်းက ခေါ်ယူဖို့ ချဉ်းကပ်လာခဲ့မယ်ဆိုရင် လက်ရှိကလပ် ပီအက်စ်ဂျီ အသင်းနည်းပြအဖြစ်ကနေ နုတ်ထွက်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းအနေနဲ့ နည်းပြသစ်အတွက် ပိုချက်တီနိုကို ပထမဦးစားပေးပြီး အေဂျက်အသင်း နည်းပြ အဲရစ်တန်ဟက်ကို ဒုတိယဦးစားပေးအဖြစ် ခေါ်ယူသွားရဖို့ရှိနေပြီး ပိုချက်တီနိုနဲ့ အဲရစ်တန်ဟက်တို့ရဲ့ လက်ရှိ ကလပ်အသင်းအသီးသီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေဟာ လာမယ့်နွေရာသီကာလမှာ ကုန်ဆုံးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ငွေကြယ်