မန်ယူအတွက် ဆန်ချိုမလုပ်အပ်ဘဲ ဟယ်ရီကိန်းသာ  လိုအပ်ဟု ရွန်းနီ ရှုမြင်

၄ အောက်တိုဘာ

မန်ယူတိုက်စစ်မှူးဟောင်းရွန်းနီက  မန်ယူနည်းပြခေါ်ယူချင်နေတဲ့ ဆန်ချိုက အသင်းအတွက် မလိုအပ်ဘဲ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းလို ဗဟို တိုက်စစ်မှူး စစ်စစ်ကသာ အသင်းအတွက် အမှန်တကယ်လိုအပ်နေတာဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။ မန်ယူက နွေဈေးကွက် တောက်လျှောက်မှာ ဒေါ့မွန်တောင်ပံတိုက်စစ်မှူး ဆန်ချိုကို ရဖို့  ကြိုးပမ်းနေခဲ့တာဖြစ်တာကြောင့် ရွန်းနီက လိုအပ်နေတာနဲ့ လိုချင်နေတာက ထပ်တူမညီတာကြောင့် မန်ယူ တိုက်စစ်ပိုင်းမှာ လိုအပ်ချက်တွေ ဖြစ်လာရတယ်လို့ ဆိုပါတယ်။

 

ရွန်းနီက “ ပေါင်သန်း ၁၀၀ပေးပြီး ကစားသမားတစ်ယောက်ကို ခေါ်ယူဖို့ကြိုးပမ်းတယ်ဆို သူနဲ့ စွမ်းဆောင်ရည်တူတာ အသင်းမှာ ရှိနေမလား စဉ်းစားတဲ့အခါ  ရပ်ရှ်ဖို့ဒ်၊ မာတီယဲလ်နဲ့ ဂရင်းဝုဒ်တို့ ရှိနေပြီးသားပါ။  ဆန်ချိုရောက်လာရင် ဂရင်းဝုဒ်ကို ထွက်ခိုင်းရဖို့ပဲရှိတယ်။ အသင်းအတွက် တကယ်လိုအပ်နေတာက ဟယ်ရီကိန်းလို ပြီးပြည့်စုံတဲ့ ဗဟိုတိုက်စစ်မှူးစစ်စစ် ၊ ဟာလန်းနဲ့ လီဝန်ဒေါစကီးတို့လို  ကစားသမားမျိုးပါ လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ရွန်းနီက  ဆန်ချိုရဲ့ အရည်အသွေးအပေါ် သံသယမရှိကြောင်းနဲ့ တောင်ပံတိုက်စစ်အတွက် အင်မတန်ကောင်းမွန်တဲ့ ကစားသမားဖြစ်တယ်လို့ ထောက်ခံချက်ပေးခဲ့ပါတယ်။

 

မန်ယူက   အောက်တိုဘာ ၃ရက်ကပဲ တိုက်စစ်မှူး ကာဗာနီကို နှစ်နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ကာဗာနီက အဆုံးသတ်ပိုင်း ကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် အသက် (၃၃)နှစ်ရှိပြီဖြစ်လို့ ပိုပြီး ငယ်ရွယ်နုပျိုတဲ့ ဗဟိုတိုက်စစ်ကစားသမားတစ်ဦးကို ရှာဖွေဖို့ လိုအပ်နေဆဲ အနေအထားပါ။  မန်ယူအနေနဲ့ ပရီမီယာလိဂ်မှာရော ဥရောပမှာရော အောင်မြင်ဖို့ဆိုရင် တိုက်စစ်ပိုင်း ယခုထက် ပိုမိုကောင်းမွန်ဖို့ လိုအပ်နေတာဖြစ်ပြီး နည်းပြဟောင်း မော်ရင်ဟိုက  မန်ယူအသင်းဟာ အနိုင်ရဖို့ ပင်နယ်တီဂိုးတွေကို အားကိုးနေရလို့ ဝေဖန်ထားပါတယ်။

 

ရွန်းနီကတော့ သူ မန်ယူအသင်းမှာ ကစားနေတဲ့ ကာလတုန်းက နစ္စတယ်ရွိုင်းလို  ကစားနိုင်ဖို့ လေ့ကျင့်ခဲ့ပြီး လက်ရှိလူစာရင်းအရ နည်းပြဆိုးရှားအတွက် အဖြေက စိန်ပွင့်ပုံ ကွင်းလယ်ပိုင်းမှာ ဘရူနိုဖာနန်ဒက်စ်ကို ထိပ်မှာထားပြီး မာတီယဲလ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို ဆာနေးနဲ့ ဆာလာတို့လို လျင်မြန်မှုကို အားကိုးပြီး  တိုက်စစ်ပိုင်း လွတ်လွတ်လပ်လပ်ကစားခွင့်ကို ဖန်တီးပေးရမှာဖြစ်တယ်လို့ အကြံပြုထားပါတယ်။

မေလဲ့သင်း