မန်ယူကျောနံပါတ် (၇) ဝတ်ဆင်ခြင်းအပေါ် စိုးရိမ်မှု မရှိကြောင်း တိုက်စစ်မှူးသစ် ကာဗာနီ ဆို

၁၀ အောက်တိုဘာ

မန်ယူအသင်းတိုက်စစ်မှူးသစ် ကာဗာနီက မန်ယူအသင်းတွင် ကျောနံပါတ် (၇) ကို ဝတ်ဆင်ရန် ရွေးချယ်ခဲ့ခြင်းအတွက် ဖိအားမရှိကြောင်းဆိုခဲ့သလို  ပီအက်စ်ဂျီအသင်းဖော်ဖြစ်ခဲ့ဖူးသူ မန်ယူကွင်းလယ်လူဟောင်း  ဟာရဲရားကလည်း  ကာဗာနီမှာ ဆန်းချက်စ်နဲ့ ခြားနာသည့် ကစားသမား ဖြစ်သည့်အတွက်  ကျောနံပါတ် (၇) ဝတ်ဆင်ခြင်းအတွက် စိတ်ပူစရာ မလိုကြောင်း  ပြောကြားခဲ့သည်။

 

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီမှာ အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်တွင် မန်ယူသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့ပြီး မန်ယူဂန္ထဝင်ကစားသမားများဖြစ်သည့် ဂျော့ချ်ဘတ်၊ ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်းနှင့် စီရိုနယ်နယ်လ်ဒိုတို့ ဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၇)ကို ဝတ်ဆင်ကစားရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ စီရိုနယ်လ်ဒိုနောက်ပိုင်း ဆက်ခံခဲ့သည့် ကျောနံပါတ် (၇) ကစားသမားဖြစ်သော မိုက်ကယ်အိုဝင်၊ ဒီပိုင်းနှင့် အလက်ဆစ်ဆန်းချက်စ်တို့အားလုံးမှာ   မန်ယူအသင်းတွင် အောင်မြင်မှုမရရှိဘဲ ဘောလုံးသမားဘဝ အဆိုးဆုံးကာလများကို ကြုံတွေ့ခဲ့ရပြီးနောက် မန်ယူ နံပါတ် (၇)ကို ကျိန်စာသင့် နံပါတ်အဖြစ် ပြောစမှတ်ပြုလာခြင်းဖြစ်သည်။

 

သို့ရာတွင် ကာဗာနီက စိန်ခေါ်မှုများကိုရင်ဆိုင်ရန် အသင့်ရှိနေကြောင်း အကောင်းဆုံး စွမ်းဆောင်နိုင်မှုကို ပြသရန်အတွက်  လေ့ကျင့်မှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေကြောင်း တုံ့ပြန်ခဲ့သည်။ ကာဗာနီမှာ နိုင်ငံလက်ရွေးစင်အသင်းတွင် ကျောနံပါတ် (၇) ကို ဝတ်ဆင်သူဖြစ်သလို  ပါလာမိုနှင့် နာပိုလီအသင်းတို့တွင်လည်း ကျောနံပါတ် (၇) ဝတ်ဆင်ခဲ့သူဖြစ်သည်။ ကာဗာနီက ကျောနံပါတ်ဆိုသည်မှာ ကွင်းအတွင်း ကစားနေစဉ်မှာပင် အရေးပါသည့် ကိစ္စတစ်ရပ်ဖြစ်ပြီး ကွင်းပြင်ပ တကယ့်လူနေမှုဘဝအတွက် သက်ရောက်မှု မရှိသည့် အကြောင်းအရာသာဖြစ်ကြောင်း ဆိုသည်။

မေလဲ့သင်း