MOU လုပ်သားများကို ထိုင်းနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် နေ့စဥ်ပုံမှန် စေလွှတ်ပေးနေ

ရန်ကုန် မေ ၉

MOU လုပ်သားများကို ထိုင်းနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ပြီးခဲ့သည့်လ နောက်ဆုံးပတ်က စတင်ကာ နေ့စဉ်ပုံမှန် စေလွှတ်ပေးနေကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ် (MOEA) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခင်က မြဝတီဘက်လမ်းကြောင်းနှင့် ကော့သောင်းလမ်းကြောင်းမှ စေလွှတ်ခြင်း ဖြစ်သော်လည်း ယခုအခါ လေကြောင်းဖြင့် မြန်ဆန်စွာ စေလွှတ်ပေးနေခြင်းဖြစ်သည်။

"လေကြောင်းနဲ့ MOU လုပ်သားတွေကို ထိုင်းကို နေ့တိုင်းလွှတ်နေတယ်။ တစ်နေ့ကို လေယာဉ်တစ်စီး၊ နှစ်စီးလောက် လူ၂၀၀ကျော်လောက် သွားနေပါတယ်။ ၂၀၀ကျော်လောက်ပဲ သွားတော့  နည်းနည်းလေး အခက်အခဲတွေရှိတာပေါ့။ အခက်အခဲတွေက ဘာရှိမလဲဆိုတော့ အခက်အခဲတွေက မြဝတီကဆို အရင်က ၇၀၀ ၊ ၈၀၀ လောက်ပို့နေတာ။ အခု ၂၀၀ လောက်ပဲပို့နိုင်တဲ့အခါ နည်းနည်းအခက်အခဲတွေရှိတယ်။ ထိုင်းသံရုံးကလည်း ဗီဇာအကန့်အသတ်ရှိတော့ ဖြေလျော့ရင်တော့ အများကြီးလွှတ်နိုင်လိမ့်မယ်"ဟု ၄င်းက ပြောကြားသည်။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် လေကြောင်းလိုင်းမှတစ်ဆင့် အလုပ်သမား(လူသစ်)စေ လွှတ်ခြင်းလုပ်ငန်းစဉ် ပထမအကြိမ်အဖြစ် ဧပြီလ ၂၉ ရက်က မြန်မာအေဂျင်စီများဖြစ်သည့် Hein Myint Myat Co.,Ltd၊ Human Wave Co ,Ltd,၊ Moon Bean Services Co.,Ltd ၊ Yun Nadi Oo Co.,Ltd ၊ Htoo Thit Zae Co ,Ltd ၊ An Emissary For Myanmar Employer Agency Co.,Ltd နှင့် Pwint Phoo Aung Co.,Ltd တို့မှ အလုပ်သမား အမျိုးသား (၁၁၆)ဦး၊ အမျိုးသမီး(၁၃၀) ဦး စုစုပေါင်း(၂၄၆)ဦး အားရန်ကုန်လေဆိပ်မှ MAIနှင့် Air Asia လေကြောင်းလိုင်းများဖြင့် စေလွှတ်ခဲ့ရာ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိခဲ့ကြကြောင်း သိရသည်။

"ဧပြီလ ၂၉ ရက် ပထမဆုံးအခေါက်မှာ လိုက်သွားပြီး ဖွင့်ပွဲတွေ၊ ဘာတွေလုပ်တယ်၊ ဟိုဘက်ကလည်းဖွင့်ပွဲတွေ၊ ဘာတွေလုပ်ကြတယ်။ အဲ့ဒါပြီးတည်းက ပုံမှန်စေလွှတ်နေပါတယ်"ဟု အထက်ပါတာဝန်ရှိသူက ပြောကြားသည်။

မြန်မာလုပ်သားများကို ယခင်က ရန်ကုန်-မြဝတီလမ်းကြောင်းနှင့် ရန်ကုန်-‌ကော့သောင်း-ရနောင်းဘက်မှ စေလွှတ်ခဲ့ရာ  နယ်မြေကျယ်ပြန့်၍ လမ်းခရီးအခက်အခဲ၊ ပင်ပန်းမှုများရှိ၍ လေကြောင်းခရီးဖြင့်စေလွှတ်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း MOEAF မှ တာဝန်ရှိသူက GNLM ကို ပြောကြားသည်။

MT