မရမာကြီးအမျိုးသားနေ့ စစ်တွေမြို့၌ကျင်းပ

စစ်တွေ ၂၉ မေ

 

တတိယအကြိမ်မြောက် မရမာကြီးအမျိုးသားနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် စစ်တွေမြို့ မရမာကြီးဘုန်းတော်ကြီး ကျောင်းဟောင်း၌ ကျင်းပသည်။

 

 

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက တိုင်းပြည်နှင့် အမျိုးဘာသာ၊ သာသနာအတွက် စွမ်းဆောင်ခဲ့ကြရာ၌ ကျဆုံးခဲ့သော အာဇာနည်များအား လေးစားသောအားဖြင့် ဦးညွတ်အလေးပြုပြီး တစ်မိနစ်ငြိမ်သက်ကြသည်။ ထို့နောက် မရမာကြီးတိုင်းရင်းသူ၊ တိုင်းရင်းသားများက မရမကြီးရိုးရာအကဖြင့်လည်းကောင်း၊ မြို တိုင်းရင်းသူ၊ တိုင်းရင်းသားများက မြိုရိုးရာ အကများဖြင့်လည်းကောင်း ကပြဖြေဖျော်ကြသည်။

 

 

ဆက်လက်၍ သဘာပတိအဖွဲ့ဝင် မရမာကြီးကျောင်းဟောင်း ဦးစီးပဓာနနာယကဆရာတော် ဦးဇောတိကမှ မရမာကြီးအမျိုးသားနေ့ ကျင်းပရခြင်းနှင့် ပတ်သက်၍ သြဝါဒမိန့်ကြားပြီး မရမာကြီး လူငယ် မောင်လှရွှေက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းအရာ စာတမ်းကိုဖတ်ကြားသည်။

 

 

ထို့နောက် နိုင်ငံရေးပါတီများ၊ ရခိုင်ကျောင်းသားများသမဂ္ဂ (ဒဂုံတက္ကသိုလ်)နှင့် နယ်ပယ်အသီးသီးမှ ပေးပို့သော သဝဏ်လွှာများကို တာဝန်ရှိသူများက ဖတ်ကြားကြသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်သိန်းဦးနှင့် စစ်တွေမြို့ လူမှုအဖွဲ့အစည်းများကိုယ်စားပြု ကော်မတီနာယက၊ သမိုင်းနှင့် စာရေးဆရာကြီး ဦးဖိုးကျော်သန်းတို့က ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။ ထို့နောက် မရမာကြီးအမျိုးသားခေါင်းဆောင် ဦးမောင်နုက ကျေးဇူးတင်စကား ပြောကြားပြီး မရမာကြီးတိုင်းရင်းသားများ၏ အမျိုးသားတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သော လူငယ်မောင်လှရွှေအား ဘုရားရေသပ္ပာယ်ရေး အသင်းဥက္ကဋ္ဌ ဦးအေးကျော်က လူငယ်စွမ်းဆောင်ဆုပေးအပ်သည်။

 

 

အဆိုပါအခမ်းအနားသို့ ရခိုင်သမိုင်းပညာရှင်များ၊ စာရေးဆရာကြီးများ၊ နိုင်ငံရေးပါတီ အသီးသီးမှကိုယ်စားလှယ်များ၊ ရခိုင်တိုင်းရင်းသားများနှင့် တိုင်းရင်းသားမျိုးနွယ်စုဝင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)