မရမ်းကုန်း​မြို့နယ်တွင် ကိုဗစ်ကာလအတွင်း "ပိုသူကပေး-လိုသူကယူ"ဟု အ​ခြေခံပြည်​သူများအား အိမ်တိုင်​ရာ​ရောက်​ (၅)ကြိမ်မြောက် အခမဲ့ဆန်​ဝေငှပေး

ရန်​ကုန် ၂၁ ​နို၀င်​ဘာ

ကိုဗစ်-၁၉ ရောဂါကျ​ရောက်​​နေချိန်​ ရန်​ကုန်​အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်​ အမှတ်(၂)ရပ်ကွက်အတွင်း ကိုဗစ်​ကာလ Stay at Home ​နေထိုင်​​သော အ​ခြေခံမိဘပြည်သူများ လက်ဝယ်သို့ "ပိုသူကပေး-လိုသူကယူ" စနစ်အ​ခြေခံလျက် အိမ်​တိုင်​ရာ​ရောက်​ အခမဲ့ ဆန်ပေးဝေငှပေးခြင်းကို မရမ်းကုန်းမြို့နယ်အခြေစိုက် ကောက်​ရိုးနွယ် ​လူမှုအကျိုးပြုအဖွဲ့ ဥက္ကဋ္ဌ ဦးသောင်းစိန် ဦး​ဆောင်​သော မောင်နှမမိသားစုတို့က လမ်းအလိုက် ဆန်ရိက္ခာ တစ်အိမ်ထောင် တစ်ပြည်နှုန်း လှူဒါန်းပေးခဲ့သည်မှာ ယနေ့သည် (၅)ကြိမ်​​မြောက် ​ရှိပြီဖြစ်ကြောင်း သိရသည်။

“ကျွန်​​တော်​တို့မိသားစုနဲ့သာ ဖွဲ့ထားတဲ့အ​ဖွဲ့လေးပါ။ ကိုဗစ်စဖြစ်လာတဲ့အချိန် မိသားစုရဲ့ ပိုလျှံငွေလေးနဲ့ အပေါင်းအသင်း ထည့်ဝင်ငွေလေးနဲ့ ပေါင်းစုပြီး လက်လုပ်လက်စား၊ ခေါင်းရွက်ဗျပ်ထိုး၊ အနှေးယာဥ်လုပ်သားတွေကို ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် ဝေမျှလှူဒါန်းခဲ့တာ ရှိပါတယ်၊ ခုတော့ မိသားစု​ငွေနဲ့ ကိုယ့်အနီးအနား ရပ်ကွက်လမ်းအလိုက် အောက်တိုဘာလကစ ရက်သတ္တနှစ်ပတ်ခြား စနေနေ့ အပတ်တိုင်း အိမ်ထောင်စု (၈၀၀) ခန့်ကို ဆန်တစ်ပြည်ကျ အခမဲ့ပေးတာပါ၊ ကိုဗစ်မပြီးသေးရင် ဆက်​ပြီးလှူသွားဖို့ရှိပါတယ်​" ဟု ​ကောက်​ရိုးနွယ် ​လူမှုအကျိုးပြုအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းစိန်​က​ ပြောသည်​။

အဆိုပါလှူဒါန်းရခြင်း၏ ဆောင်ရွက်မှုမှာ ကိုဗစ်ရောဂါပိုး​ရှိနေခြင်းကြောင့် အချို့မိသားစုများသည် နေအိမ်​မှာပင် Stay at Home ​နေထိုင်​​နေကြရသည်ဖြစ်၍ အ​ခြေခံပြည်​သူ​များမှာ လုပ်ကိုင်နေကြ လုပ်ငန်းအချို့သည်လည်း ယခင်ကကဲ့သို့ လျင်​လျင်​မြန်​မြန် ​မလုပ်​နိုင်​​ကြခြင်း၊ အိမ်​ထဲမှာ​နေ​နေ​ကြရခြင်း၊ မိသားအလိုက် စား​ရေး​သောက်​​ရေး အခက်​အခဲရှိ​နေကြရ​ခြင်းတို့ကြောင့် ရပ်ကွက်ရှိ လမ်းအလိုက် ဆယ်အိမ်မှူး/ရာအိမ်မှူးများက ကျန်းမာရေးနှင့် အားကစားဝန်​ကြီးဌာနမှ ချမှတ်ထား​သော စည်းကမ်းချက်များနှင့်အညီ စီစဥ်​ဆောင်ရွက်ပေးခြင်းဖြင့်လည်း အိမ်​တိုင်​ရာ​ရောက်​ ဆန်ရိက္ခာများ အခမဲ့ လိုက်​လံပေးနိုင်ခဲ့ခြင်း၊ ယနေ့တွင် လမ်း ၅ လမ်းရှိ အိမ်ထောင်စု (၇၅၀)ကို ပေးဝေနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကောက်​ရိုးနွယ်​ လူမှုအကျိုးပြုအဖွဲ့ဥက္ကဋ္ဌ ဦး​သောင်းစိန်မှ ထပ်မံဖြည့်စွက်ပြောကြားခဲ့ခြင်း ဖြစ်သည်​။

သတင်း- မျိုးမင်းသိန်း(မရမ်းကုန်း)

ဓါတ်ပုံ- မျိုးကြီး