မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်း တိုက်ခန်းများ ဝယ်ယူခွင့်ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ မဲဖေါက်ရွေးချယ်ပေး

မန္တလေး ၁၁ မတ်

 

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက မန္တလေးချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာစီမံကိန်းရှိ တိုက်ခန်းပေါင်း ၅၈၆ ခန်းကို တတိယအသုတ်အဖြစ် မန္တလေး ၆ မြို့နယ်အတွင်း နေထိုင်သော လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ပြင်ပပုဂ္ဂလိက ကုမ္ပဏီဝန်ထမ်းများနှင့် ပြည်သူများအား ယမန်နေ့နံနက် ၉ နာရီမှစ၍ ပွင်လင်းမြင်သာစွာဖြင့် စနစ်တကျ မဲဖောက်ရွေးချယ်ပေးခဲ့သည်။

 

တိုက်ခန်းဝယ်ယူခွင့် လျှောက်လွှာများ ရောင်းချပေးခဲ့ရာတွင် အငြိမ်းစားဝန်ထမ်း ၅၉၈ စောင်၊ နိုင်ငံ့ဝန်ထမ်း ၂၅၁၂ စောင်၊ ကုမ္ပဏီဝန်ထမ်း ၂၉၁ စောင်၊ ပြည်သူ ၆၈၀ စောင် စုစုပေါင်း ၄၀၈၁ စောင် ပြန်လည်လက်ခံရရှိခဲ့သည်။

 

mdn

 

တိုက်ခန်းဝယ်ယူခွင့် လျှောက်ထားသူများကို အုပ်စု A နိုင်ငံဝန်ထမ်း၊ အုပ်စု B အငြိမ်းစားဝန်ထမ်း၊ အုပ်စု C ကုမ္ပဏီဝန်ထမ်းနှင့် အုပ်စု  D ပြည်သူဟူ၍ အုပ်စုအလိုက် ခွဲခြားထားပြီး ယနေ့နံနက်  ၉ နာရီမှ ၁၂ နာရီအထိ အုပ်စုC၊ B၊ နှင့် Dတို့ကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ အုပ်စု A ကိုလည်းကောင်း၊ ပွင့်လင်းမြင်သာစွာဖြင့် မဲနှိုက်ရွေးချယ်ပေးကြမည်ဖြစ်ရာ ဒုတိယမြို့တော်ဝန်ဦးရဲမွန်၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနမှူးများစီမံရေးရာဌာန၊ အဆောက်အအုံနှင့်ကုန်ရုံဌာန၊ ပန်းဥယျာဉ်နှင့်ကစားကွင်းများဌာန တို့မှ ဒုတိယဌာနမှူးများ၊ အရာထမ်းအမှူထမ်းများ တက်ရောက်ကြပြီး စနစ်တကျကြီးကြပ်ဆောင်ရွက်ကာ ကံတက်ကုန်းဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသူလေးများက ကူညီဆောင်ရွက်ပေးကြသည်။

 

ရောင်းချပေးမည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာရှိ အခန်းပေါင်း ၅၈၆ ခန်းတွင် နိုင်ငံဝန်ထမ်း၂၉၃ခန်း၊ အငြိမ်းစားဝန်ထမ်း ၁၁၇ ခန်း၊ ကုမ္ပဏီဝန်ထမ်း၅၇ခန်း၊ ပြည်သူအတွက် ၁၁၉ ခန်းတို့ကို မဲနှိုက်ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခွင့် မဲပေါက်သူများအနေဖြင့် လာမည့် ဧပြီ ၃ ရက်တွင် တိုက်ခန်းနံပါတ်များအား ကိုယ်တိုင်မဲနှိုက်ရွေးချယ်ကြရမည်ဖြစ်ပြီး ကိုယ်တိုင်မဲနှိုက်ရမည့်နေ့တွင် QR Code ပါဝင်သော မဲနံပါတ်မူရင်း၊ အာမခံစပေါ်ငွေကျပ်သိန်း ၂၀ ပေးသွင်းထားသည့် ဘဏ်ချလန်မူရင်း၊ မှတ်ပုံတင်မူရင်းတို့နှင့် အတူတစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။

 

တင်မောင် (မန်းကိုယ်ပွား)