မြတ်နိုးဖွယ်ရာ ဤကမ္ဘာ

ထက်ဝေအောင်(စစ်ကိုင်း)

ကမ္ဘာကြီးသည် ရေ၊ မြေ၊ လေထု နေရာအနှံ့အပြားတွင် သက်ရှိအားလုံးအတွက် နှစ်အကန့်အသတ်မဲ့နေထိုင်ခွင့်၊ အကန့်အသတ်မဲ့ ဦးရေတိုးပွားခွင့်များနှင့်အတူ ကောင်းမွန်သောရာသီဥတု လက်ဆောင်ပေးထားခဲ့သည်။ ကမ္ဘာကြီးပေါ်တွင် စိမ်းစိုလန်းဆန်းခြင်း၊ အပူအအေးညီမျှခြင်း၊ ရေကောင်းရေသန့်နှင့် ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးထားခဲ့သော်လည်း လူသားများ၏ မဆင်မခြင်ပြုမူနေထိုင်မှုများကြောင့် ကမ္ဘာကြီးသည် ဒဏ်ရာများစွာဖြင့် နာမကျန်းဖြစ်လာခဲ့သည်။ ကမ္ဘာကြီးသည် စကားမဆိုတတ်သည့်တိုင် လူတိုင်းနားလည်လွယ်ကူသော ရာသီဥတုနိမိတ်သင်္ကေတများဖြင့် အချက်ပြအသိပေးလျက်ရှိသည်။

မြေမျက်နှာပြင်နှင့် လေထုအတွင်း အပူရှိန်မြင့်မားလာခြင်းက ကမ္ဘာကြီးပူနွေးလာမှုကို ပြဆိုနေသည်။ မြေမျက်နှာပြင်တွင် စုပ်ယူထားသည့် အပူလှိုင်းများနှင့်လေထုအတွင်းမှ များပြားသော ဓာတ်ငွေ့များက ကမ္ဘာကြီးကို ပိုမိုပူနွေးစေသည်။ စက်ရုံ၊ အလုပ်ရုံနှင့် စက်တပ်ယာဉ်များ တိုးပွားလာခြင်းက လေထုအတွင်း မှန်လုံအိမ်ဓာတ်ငွေ့များ ဖြစ်ပေါ်စေသည်။  လေထု၏အရည်အသွေးပိုင်း ကျဆင်းခြင်း၊ အပူစုပ်ယူထုတ်လွှတ်မှု အားကောင်းလာခြင်းကို တွေ့ရသည်။ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များသည် ကမ္ဘာကြီးပူနွေးမှု၏ အရိပ်လက္ခဏာဖြစ်ပါသည်။ အဆိုပါအရိပ်လက္ခဏာမှတစ်ဆင့် ရရှိနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများသည် ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်ခြင်း၊ ရေကြီးခြင်း၊ မိုးခေါင်ခြင်း၊ ငလျင်လှုပ်ခတ်ခြင်းတို့ ဖြစ်ပါသည်။ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်သည် လူနှင့် သက်ရှိသတ္တဝါများအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး သဘာဝဘေးအန္တရာယ်အသွယ်သွယ်ကို ဖိတ်ခေါ်ခြင်းနှင့်လည်း တူသည်။

ပလတ်စတစ်စွန့်ပစ်သည့် အလေ့အကျင့်

သန့်ရှင်းသောကမ္ဘာမြေကြီးအဖြစ် အဓွန့်ရှည်တည်တံ့ရေးသည် လူသားတိုင်း၏ တာဝန်ဖြစ်သည်။ ညစ်ညမ်းသောကမ္ဘာကို သန့်ရှင်းရေးပြုလုပ်ရန်မှ တစ်ပါးအခြားမရှိနိုင်သဖြင့် ကမ္ဘာမြေကို ဖျက်ဆီးနေသည့် အပြုအမူလုပ်ရပ်များကို ရှောင်ရှားခြင်းဖြင့် ကူညီကြရမည်ဖြစ်သည်။ စီးဆင်းနေသည့် မြစ်ချောင်းများ မပိတ်ဆို့ရန်လိုသည်။ ရေစီးရေလာ ကောင်းမွန်မှု၏ အနှောင့်အယှက်ဖြစ်သည့် မြစ်ချောင်း၊ ပင်လယ်ပြင်အတွင်း ပလတ်စတစ်စွန့်ပစ်သည့် အလေ့အကျင့်ကို ဖျောက်ပစ်ရမည်ဖြစ်သည်။ ပလတ်စတစ်သည် ကမ္ဘာကြီးကို အသက်ရှူကျပ်စေသည်။ ပလတ်စတစ်သုံးစွဲမှု ဖောင်းပွခြင်းမှတစ်ဆင့် ရေပြင်၊ မြေပြင်ကို မညစ်နွမ်းစေသင့်ပေ။ ပင်လယ်အတွင်းရှိ ရေနေသတ္တဝါများ မသေဆုံးစေရန်၊ မျိုးတုံးမပျောက်ကွယ်စေရန် ပလတ်စတစ်စွန့်ပစ်မှုကို ထိန်းသိမ်းသွားကြရမည် ဖြစ်သည်။

အလားတူ စွမ်းအင်အလွန်အကျွံထုတ်လုပ် သုံးစွဲခြင်းကြောင့်လည်း ကမ္ဘာကြီးအပူရှိန်ဖြင့် လောင်ကျွမ်းသွားစေနိုင်သည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်း မြေပြင်၊ ရေပြင်မှ လျှပ်စစ်စွမ်းအင်အမျိုးမျိုး ထုတ်ယူသုံးစွဲကြသည်။ လျှပ်စစ်စွမ်းအား ရနိုင်သည့် နည်းလမ်းမျိုးစုံကျင့်သုံးပြီး ကျောက်မီးသွေး၊ ရေနံနှင့် ဓာတ်ငွေ့များအသုံးပြုကာ လျှပ်စစ် ထုတ်လုပ်လာကြသည်။ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်သည် မရှိမဖြစ်စွမ်းအင်တစ်ခု ဖြစ်သည်။ သို့သော် စက်မှုအခန်းကဏ္ဍဖွံ့ဖြိုးခြင်း၏ နောက်ကွယ်တွင်  လေထု၊ ရေထုဗဟိုပြုသော သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည်။ ဓာတုစွန့်ပစ်ပစ္စည်းများ ရေထုအတွင်းပျော်ဝင်ရာမှ ရေထုအဆိပ်သင့်ပါလျှင် ရေနေသတ္တဝါများစွာ သေဆုံးနိုင်သကဲ့သို့ သောက်သုံးရေအတွက်လည်း ညစ်ညမ်းသွားစေနိုင်သည်။ အစိမ်းရောင်ကမ္ဘာတစ်ခုဖြစ်စေရန် အစိမ်းရောင်စွမ်းအင် ထုတ်လုပ်ခြင်းနည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲရမည်ဖြစ်သည်။ နေစွမ်းအင်မှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း အကျိုးတရားများ ရရှိနိုင်သည့်အပြင် လေထုကိုလည်း သန့်ရှင်းစင်ကြယ်စေနိုင်သည်။ 

ဘေးအန္တရာယ်လျော့နည်းရေး ဝိုင်းဝန်းအဖြေရှာ

သဘာဝအားဖြင့် နွေရာသီတွင် ပူသင့်သလောက်ပူပြီး မိုးရာသီတွင် မိုးရွာသွန်းသင့်သလောက် ရွာချရမည်ဖြစ်သည်။ အလားတူဆောင်းတွင်းကာလ အေးမြမှသာ ဥတုရာသီညီသည်ဟု ဆိုနိုင်သည်။ သဘာဝအလျောက်ဖြစ်စေ၊ လူများ၏ ပြုမူဆောင်ရွက်မှုကြောင့်ဖြစ်သော  မတော်တဆပေါ့ဆမှု၊ သတိမမူမှုတို့ကြောင့် ဖြစ်ပွားရသော သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသည်။ သဘာဝဘေးအန္တရာယ်သည် ရေထု၊ မြေထု၊ လေထုကို အမှီပြုနေသူအားလုံးနှင့် တိုက်ရိုက်အချိုးကျ သက်ဆိုင်လျက်ရှိပြီး မုန်တိုင်းတိုက်ခတ်ခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊  မြေငလျင်လှုပ်ခြင်း၊ အပူလှိုင်း၊ အအေးလှိုင်းဖြတ်ခြင်း အစရှိသော ဘေးအန္တရာယ်လျော့နည်းရေး ဝိုင်းဝန်းအဖြေရှာ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဖွဲ့ကြီး၏ အစီရင်ခံစာအချို့တွင် ကမ္ဘာ့အပူရှိန် မြင့်မားမှုကို လူသားများ၏ ပယောဂကြောင့်ဖြစ်သည်ဟု အတိအလင်းဖွင့်ဆိုထားရှိသည်။ ထို့အတူ ကာဗွန်အလွန်အကျွံထုတ်လွှတ်သည့် အချက်ကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။  ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု နောက်ဆက်တွဲအကျိုးအဖြစ် ပင်လယ်ရေမျက်နှာပြင်ကို မြင့်တက်လာစေပြီး ရေခဲမြစ်များ၊ ရေခဲပြင်များ အရည်ပျော်ဝင်လျက် ပင်လယ်တွင်း စီးဝင်စေသည်။ အပူရှိန်မြင့်မားခြင်း၏ အကျိုးဆက်အဖြစ်လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ရေခဲပြင်များ လုံးဝအရည်ပျော်သွားနိုင်ခြေရှိပြီး ကမ္ဘာ့နိုင်ငံအချို့၊ မြို့ကြီးအချို့ရေအောက်ရောက်မည့် အန္တရာယ်၊ ကမ်းရိုးတန်းဒေသများ မုန်တိုင်း အန္တရာယ်ကျရောက်နိုင်မှု  အခြေအနေများကို စစ်တမ်းတွင် သတိပေးဖော်ပြထားရှိသည်။ 

ကမ္ဘာ့လူဦးရေသည် တစ်နေ့တခြားတိုးပွား လျက်ရှိပေသည်။ လူဦးရေနှင့်အတူ လိုအပ်လျက် ရှိသည့် အခြေခံစားသောက်ကုန်၊ လူသုံးပစ္စည်း အမျိုးမျိုး၊ လောင်စာ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး အစရှိသည်တို့ကိုလည်း လုံလောက်အောင် ထုတ်လုပ်လာကြသည်။ နိုင်ငံ့စီးပွားရေးမှ ကမ္ဘာ့စီးပွားရေး  အလေးသာအောင်မြင်မှုရရှိစေရန် သူ့ထက်ငါ ကြိုးစားလာကြသည်။ တစ်ဖက်ရှိ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု အပိုင်းတွင် သိသိသာသာ ပိုမိုမြင့်မားလာခဲ့သည်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု  အနည်းဆုံး အညွှန်းကိန်းတစ်ခုမှ သွားနိုင်မည်ဆိုပါက ကမ္ဘာကြီးဘေးသင့်စရာလမ်း မရှိနိုင်ပေ။ ဆိုးရွားသော အပူလွန်ကဲမှုပြဿနာ၊ အအေးလွန်ကဲမှု ပြဿနာများကို ရှောင်ရှားနိုင်စေမည်ဖြစ်သည်။

ကမ္ဘာကြီးပူနွေးမှုကို ကာကွယ်ရန် နည်းလမ်းမျိုးစုံအသုံးပြု

ကမ္ဘာ့နိုင်ငံအသီးသီးသည် ကမ္ဘာကြီးပူနွေးမှုကို ကာကွယ်ရန် နည်းလမ်းမျိုးစုံအသုံးပြုလာခဲ့ကြ သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ လျှော့ချရေးအစီအစဉ်များလည်း တစိုက်မတ်မတ် ကြိုးစားလာကြသည်။ သစ်တောပြုန်းတီးမှုပြဿနာကို အဖြေရှာဖွေလျက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြည့်တင်းနိုင်ရေး အားထုတ်လာကြသည်။ သစ်တောများကို  ကမ္ဘာကြီး၏အဆုတ်ဟုပင် တင်စားထားသဖြင့်  သစ်တောသစ်ပင်များကို လိုအပ်သည်ထက် ပိုမိုမထုတ်ယူရန်လိုအပ်သည်။ သစ်ပင်များမှ ကာဗွန်စုပ်ယူနိုင်မှု အခြေအနေနှင့် ကာဗွန်ထုတ်လွှတ်မှုအခြေအနေများ ဟန်ချက်ညီရန် လိုအပ်သည်။ 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် လူသုံးကုန်ပစ္စည်းအမျိုးမျိုးမှ  စွန့်ပစ်ပစ္စည်းများနှင့်  စက်ရုံထွက် စွန့်ပစ်အညစ်အကြေးများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းကို ဆင်ခြင်သင့်သည်။ ကမ္ဘာတစ်ဝန်းလုံး ထင်းအစားထိုးလောင်စာသုံးစွဲခြင်းကို အားပေးကြရပါမည်။ လောင်စာအတွက် ထင်းများ အဆမတန် ခုတ်လှဲခြင်း၊ ပရိဘောဂနှင့် အိမ်ဆောက်ပစ္စည်းများအတွက် သစ်ပင်များ အလုံးအရင်းခုတ်လှဲခြင်းတို့ကို ထိန်းညှိသင့်သည်။ သစ်တစ်ပင်၏ရှင်သန်မှု အသက်ကာလအလိုက် အစားထိုးသစ်ပင်စိုက်ပျိုးခြင်းကို  တွန်းအားပေး လုပ်ဆောင်ကြရပါမည်။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ် ခြင်း၊ အမှိုက်များမီးရှို့ခြင်း၊ တောမီးရှို့ခြင်း အပြုအမူများကို ကိုယ်စီသတိပြု ဆင်ခြင်ကြရမည်ဖြစ်သည်။ ထို့အတူ လျှပ်စစ်မီးချွေတာသုံးစွဲခြင်း၊ တန်ဖိုးရှိသောရေကို ချွေတာသုံးစွဲခြင်းနှင့် သစ်ပင်စိုက်ပျိုးခြင်း အလေ့အကျင့်ကောင်းများ မွေးမြူကြရပါမည်။

မျိုးဆက်သစ်တို့ကမ္ဘာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး

လေထုညစ်ညမ်းမှုကိုဖြစ်စေသော လောင်ကျွမ်းမှုနှင့် အခိုးအငွေ့ အလွန်အကျွံထုတ်လွှတ်မှုကို လျှော့ချပစ်နိုင်မှသာ သန့်စင်သောလေထုကို ဖြစ်ပေါ် စေမည်ဖြစ်ပါသည်။ ကျောက်မီးသွေး၊ ရေနံထွက် ပစ္စည်းများ လောင်ကျွမ်းခြင်းကြောင့် ဆာလ်ဖာဒိုင် အောက်ဆိုက်များထွက်ရှိခြင်း၊  တောမီးကဲ့သို့ အပြင်းစားလောင်ကျွမ်းမှုမှ နိုက်ထရိုဂျင်အောက် ဆိုက်များထွက်ရှိခြင်းနှင့် မော်တော်ယာဉ်များ၏ အိတ်ဇောပိုက်များမှ ကာဗွန်အငွေ့ထွက်ရှိခြင်းတို့မှ ကမ္ဘာ့လေထု၏ အရည်အသွေးကောင်းများကို လျှော့ချပစ်နိုင်စွမ်းရှိသည်။ သို့ဖြစ်ရာ ညီညွတ်သော ရာသီဥတုဖြစ်ပေါ်ရေး၊ လေကောင်းလေသန့်ရရှိရေး ဥပဒေမဲ့ တောခုတ်ခြင်းများကို ဥပဒေဖြင့် တားဆီး ကာကွယ်ကြရပါမည်။ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ပတ်ဝန်းကျင် မပျက်စီးခြင်း၊ ရာသီဥတုထိန်းညှိ ပေးခြင်းဆိုင်ရာလုပ်ငန်းများကို အာမခံနိုင်ခြင်းကြောင့် မျိုးဆက်သစ်တို့ကမ္ဘာအဓွန့်ရှည်တည်တံ့ ခိုင်မြဲရေး လူတစ်ယောက်လျှင် သစ်ပင်တစ်ပင် စိုက်ပျိုးရန် လိုအပ်လှပါကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးရှုထောင့်မှ ရေးသားတင်ပြလိုက်ရပါသည်။   ။