မှတ်သားသိမြင် ဉာဏ်နှင့်ယှဉ်၊ မမေ့လျော့စေချင်

 

 

တူးမာ (ပညာရေး)

 

ဩကာသလောက၊ သတ္တလောက၊ သင်္ခါရလောကဆိုပြီး လောကသုံးပါးရှိပါတယ်။ သတ္တလောကထဲမှာ ပါဝင်နေကြတဲ့ ကျွန်မတို့တွေဟာ လောကသုံးပါးမှာရှိတဲ့ သင်ယူစရာများကို မိမိတို့ လက်လှမ်းမီသမျှ လေ့လာသင်ယူနေကြရတဲ့ ကျောင်းတော်သူ ကျောင်းတော်သားများ ဖြစ်ကြပါတယ်။ ဘဝဆိုတဲ့ကျောင်းတော်ကြီးမှာ သင်ယူနေကြရတဲ့ အပေါင်းအဖော်အချင်းချင်းအတွက် လေ့လာသင်ယူရာမှာ အထောက်အကူဖြစ်စေမယ့် မှတ်ဉာဏ်နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာတို့ကို မျှဝေလိုပါတယ်။

 

လေ့လာသင်ယူခြင်းပြုကြရာမှာ မှတ်သားဖို့ရယ်၊ မှတ်သားမိသမျှကို မမေ့ကြဖို့ရယ်ဟာ ကျွန်မတို့ရဲ့ လိုအင်ဆန္ဒဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ သင်ယူနေကြရတဲ့ ကိစ္စအဝဝကို မှတ်မှတ်သားသားလေးနဲ့ ကိုယ့်ဘဝမှာ အကျိုးရှိရှိ အသုံးချနေကြရရင် ဘဝမှာ အထိုက်အလျောက် ပြည့်စုံတယ်လို့ဆိုရမှာပါ။ မှတ်ဉာဏ်ရဲ့သဘာဝကို သိရှိခြင်းဖြင့်လည်း လေ့လာသင်ယူရမှုတွေအပေါ်မှာ အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်မိပါတယ်။

 

လေ့လာသင်ယူခြင်းဟာ စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် မှတ်မိခြင်း၊ မေ့လျော့ခြင်းတွေကိုလည်း ဖြစ်စေပါတယ်။ လေ့လာသင်ယူ ခြင်းကနေ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာ ဖြစ်တဲ့ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်စတဲ့ အမူအကျင့်တွေကိုပါ ပြောင်းလဲတိုးတက်လာစေမှာ ဖြစ်ပါတယ်။ မှတ်ဉာဏ်ရဲ့သဘာဝက မှတ်သားရုံ သာမက အချက်အလက်တွေကို သိုမှီးပေးထားပါ တယ်။ သိမ်းဆည်းသိုမှီးထားတဲ့ အချက်တွေကို လိုအပ်လာတဲ့အခါမှာ ပြန်လည်ဖော်ထုတ် မှတ်မိ စေတာကလည်း မှတ်ဉာဏ်ရဲ့ သဘာဝတစ်ခု ဖြစ်ပါတယ်။ သတင်းအချက်အလက် ဘယ်လောက် များများကို ဘယ်အချိန်ထိ မှတ်မိနေတယ်ဆိုတာ ကတော့ မှတ်ဉာဏ်ရဲ့ အရည်အသွေး ဖြစ်ပါတယ်။

 

Atkinson and Shiffrin (1971) ရဲ့ အဆိုအရတော့ မှတ်ဉာဏ်ကိုသုံးမျိုးခွဲပြထားပါတယ်။ အာရုံခံ မှတ်ဉာဏ်၊ ရေတိုမှတ်ဉာဏ်နဲ့ ရေရှည်မှတ်ဉာဏ်တို့ ဖြစ်ပါတယ်။ အာရုံခံမှတ်ဉာဏ်ရရှိဖို့ အချိန်တစ်စက္ကန့်သာ လိုတယ်လို့ မှတ်သားရပါတယ်။ ရေတိုမှတ်ဉာဏ်ကတော့ စက္ကန့် ၂၀ ကနေ ၃၀ အတွင်း မှတ်သားတယ်လို့ ဆိုပါတယ်။ ရေတို မှတ်ဉာဏ်ကနေ ရေရှည်မှတ်ဉာဏ်အဖြစ် ကူးပြောင်းသွားရတယ်လို့ မှတ်ဉာဏ်ရဲ့ သဘောသဘာဝနဲ့ပတ်သက်ပြီးမိန့်ဆိုထားတာကို မှတ်သား သိရှိခဲ့ရပါတယ်။

 

အာရုံခံမှတ်ဉာဏ်ကတော့ အချက်အလက် မြောက်မြားစွာတို့ကို အချိန်တိုအတွင်း မှတ်သား သိမ်းဆည်းထားနိုင်ပါတယ်။ ရေတိုမှတ်ဉာဏ်က တော့ အချိန်ကာလ အကန့်အသတ်တစ်ခုအထိသာ မှတ်သားနိုင်ပါတယ်။ ရေရှည်မှတ်ဉာဏ်ကတော့ သီတင်းပတ်ပေါင်းများစွာကနေ နှစ်နဲ့ချီတဲ့အထိ မှတ်သားနိုင်ကြပါတယ်။ လူတစ်ဦးနဲ့တစ်ဦး မှတ်သားနိုင်တဲ့ အတိုင်းအတာ မတူညီကြတာဟာ သူတို့မှာရှိတဲ့ မှတ်ဉာဏ်အမျိုးအစားပေါ်မှာ မူတည်နေကြတယ်လို့ ဆိုနိုင်ပါတယ်။

လေ့လာသင်ယူသူများအနေနဲ့ မိမိရဲ့ မှတ်ဉာဏ် အမျိုးအစားကို လေ့လာပြီး ဇွဲ၊ လုံ့လ၊ ဝီရိယထား ကြိုးစားကြမယ်ဆိုရင် ပိုပြီးတော့ ပညာရည်အဆင့်အတန်းတွေ မြင့်မားလာနိုင်ပါတယ်။ မှတ်ဉာဏ်ရဲ့ အရည်အသွေးဟာ အသက်အရွယ်ကိုလိုက်ပြီး ပြောင်းလဲတတ်တာကိုလည်း တွေ့ရှိရပါတယ်။ အများစုလက်ခံထားတဲ့ သင်ယူဖို့အကောင်းဆုံး အသက်အရွယ်ကတော့ အသက်ရှစ်နှစ်ကနေ ကိုးနှစ်အရွယ်အထိ ဖြစ်ပါတယ်။ မှတ်ဉာဏ် အကောင်းဆုံးအရွယ်မှာ ပညာရပ်တွေကို အကောင်းဆုံး လေ့လာသင်ယူနိုင်မှာ ဖြစ်ပါတယ်။ ဘဝတစ်သက်တာမှာ အသက် ရှစ်နှစ်မှ အသက် ၂၀ အထိအရွယ်ကို ပညာသင်ယူဖို့ အကောင်းဆုံး အသက်အပိုင်းအခြားဖြစ်တယ်လို့ စူးစမ်းလေ့လာ သူတွေက တွေ့ရှိခဲ့ကြပါတယ်။ မြန်မာတို့ရဲ့ အယူအဆမှာလည်း အသက် ၂၀ အထိအရွယ်ကို ပြုပြင် ပေးဖို့၊ သင်ကြားပေးဖို့ အကောင်းဆုံးလို့ လူကြီး သူမတို့က ပြောဆိုလေ့ရှိကြပါတယ်။

 

Dr. Zamelof (1887) ကတော့ ဘာသာစကား လေ့လာသင်ယူမှုနဲ့ပတ်သက်ပြီး လေ့လာသင်ယူမှု အကောင်းဆုံး အသက်အရွယ်ကို ရှစ်နှစ်ကနေ နှစ် ၂၀ ထိ ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ လေ့လာသင်ယူရာမှာယောက်ျားလေးနဲ့ မိန်းကလေးတို့ဟာ အထူးတလည် ကွာခြားမှုမရှိတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ဘာသာစကား သင်ယူတဲ့အခါမှာတော့ မိန်းကလေးများက ပိုမိုသာလွန်ကြောင်း တွေ့ရှိခဲ့ပါတယ်။ စိတ်ပညာရှင်တို့ရဲ့ လေ့လာတွေ့ရှိချက်အရ သင်ယူသူများကို အားပေးထောက်ခံမှု ပြုလုပ်ခြင်းဟာ ရလဒ်ကောင်းတွေကို ရရှိစေပြီး အပြစ်ပေးခြင်းနည်းကတော့ အနုတ်လက္ခဏာဆောင်တဲ့ ရလဒ်တွေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။ သင်ယူသူ တပည့်များအပေါ် စိတ်ရှည်သည်းခံပြီး အားပေးထောက်ခံခြင်းကို ပိုမိုပြုလုပ်သင့်တယ်လို့ ယူဆမိပါတယ်။

 

သင်ယူသူကို ပျော်ရွှင်စေခြင်းဟာလည်း မှတ်ဉာဏ်ကို တိုးပွားစေပါတယ်။ ဝမ်းနည်းမှုဖြစ်စေခြင်းဟာ မှတ်ဉာဏ်လျော့နည်းစေပြီး မေ့လျော့မှုကို ပိုမိုအားကောင်းစေပါတယ်။ Sarason (1952) ရဲ့တွေ့ရှိချက်အရ စာမေးပွဲတစ်ခုအပေါ်မှာ စိတ်တည်ငြိမ်သူတွေဟာ အမှတ်ပိုမိုရရှိအောင် ဖြေဆိုနိုင်ပြီး စိုးရိမ်ပူပန်သူတွေဟာ ရမှတ်များကို ဆုံးရှုံးစေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

 

မေ့လျော့ခြင်းကိုဖြစ်စေတဲ့ အကြောင်းသုံးရပ်ရှိပါတယ်။ အသုံးမပြုတာကြာရင် မေ့တတ်ပါတယ်။ သိရှိပြီးသားအချက်တွေကို ခေတ်ကာလအရ အသုံးမပြုနိုင်တော့ရင်လည်း မေ့တတ်ပါတယ်။ ဆိုးရွားတဲ့ ခံစားမှုတွေကိုလည်း စိတ်ရဲ့ သဘာဝအရ အလိုလိုမေ့သွားတတ်ပါတယ်။

 

Trace Theory အရ အချိန်ကာလ ကြာမြင့်မှု ကလည်း အကြောင်းအရာ၊ အဖြစ်အပျက်တွေကို မေ့လျော့သွားစေတယ်လို့ ဆိုပါတယ်။ ပထမအဖြစ် အပျက်နဲ့ ပုံစံတူအဖြစ်အပျက် ပေါ်ပေါက်လာတဲ့ အခါမှာလည်း မူလအဖြစ်အပျက်ကို မေ့သွားစေ ပါတယ်။ ယခင်ကလေးဘဝက ဖြစ်ပျက်ခဲ့တဲ့ old memories တွေကိုတော့ အသစ်မှတ်သားရတဲ့ အကြောင်းအရာတွေ(new memories) တွေထက် ပိုလို့တောင် မမေ့နိုင်တာကိုလည်း တွေ့ရပြန်ပါ တယ်။

 

Jenkins and Dallenbach (1924) တို့က မှတ်ဉာဏ်ရဲ့ သဘောသဘာဝကို လူအုပ်စုနှစ်စုဖွဲ့ပြီး လေ့လာခဲ့ကြပြန်ပါတယ်။ အဓိပ္ပာယ်မပါဘဲ စကား လုံးချည်း ၁၀ လုံးကို အုပ်စု A နဲ့ B တို့ကို ဖတ်စေပါတယ်။ အုပ်စု A ကိုတော့ စကားလုံးတွေကို မှတ်သားပြီး အနားယူစေပါတယ်။ အုပ်စု B ကိုတော့ စကားလုံးတွေ မှတ်သားစေပြီးနောက်မှာ အခြားသောအလုပ်များကို လုပ်စေပါတယ်။ အချိန်ရှစ်နာရီ ကြာတဲ့အထိ နာရီအစဉ်တိုင်းမှာ အုပ်စု A နဲ့ B တို့ရဲ့ မှတ်သားနိုင်မှုကို လေ့လာခဲ့ပါတယ်။ အချိန်နာရီအားဖြင့် ပိုကြာလာတာနဲ့အမျှ အုပ်စု A က စကားလုံးမှတ်သား နိုင်မှု ပိုမြင့်တက်လာတာကို တွေ့ရပါတယ်။ အုပ်စု B ကတော့ အချိန်ကြာလာတာနဲ့အမျှ မှတ်မိနိုင်တဲ့ စကားလုံးအရေအတွက် ပိုမိုနည်းပါးလာတာကို လေ့လာစောင့်ကြည့်ခြင်းဖြင့် မှတ်တမ်းပြုတင်ပြထားတာကို မှတ်သားခဲ့ရပါတယ်။ လူရဲ့ဦးနှောက်ဟာ မှတ်သားမှုပြုပြီးရင် အနားယူခြင်းက ပိုပြီးမှတ်ဉာဏ်ကောင်းစေတဲ့အတွက် စာပေကျက်မှတ်ပြီး ရင် ခေတ္တအနားယူသင့်ပါတယ်။ စာပေလေ့လာသူ တွေအနေနဲ့ သတိပြုဖွယ်ရာ အလေ့အထကောင်းတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

 

စိတ်ပညာရှင်တို့ရဲ့ လေ့လာတွေ့ရှိမှုများ၊ အဆိုပြုချက်များဟာ စာပေလေ့လာသင်ယူနေကြတဲ့ ကျောင်းသူ ကျောင်းသားတွေအပါအဝင် လေ့လာသင်ယူနေကြသူအားလုံးအပေါ်မှာ အကျိုးကျေးဇူး များလှပါတယ်။ စာဖတ်သူတွေအနေနဲ့ အသိပညာ ဗဟုသုတများ ကြွယ်ဝချမ်းသာသော အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များဖြစ်အောင် စွမ်းဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ ။