မတ္တရာမြို့နယ် ဆင်ကျွန်းကျေးရွာတွင် မြစိမ်းရောင် (ငါးကဏ္ဍ)မှ အတိုးရငွေကျပ်သိန်း ၅၀ နှင့်  ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်လျှက်ရှိသော လျှပ်စစ်မီးလုပ်ငန်းများပြီးစီး

မတ္တရာ ၁၉  စက်တင်ဘာ 


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် မြစိမ်းရောင် (ငါးကဏ္ဍ) စီမံကိန်း ဆောင်ရွက်သည့် ဆင်ကျွန်းကျေးရွာသို့ စီမံကိန်းအတိုးရငွေမှ ကျပ်သိန်း(၅၀)၊ ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ခဲ့သော လျှပ်စစ်မီးလုပ်ငန်းများပြီးစီး၍  လျှပ်စစ်မီး ရရှိပြီဖြစ်ကြောင်း သိရသည်။


အဆိုပါ မြစိမ်းရောင်(ငါးကဏ္ဍ)စီမံကိန်းဝင် ဆင်ကျွန်းကျေးရွာသည် ၂၀၁၅-၂၀၁၆ ခုနှစ်မှ စတင်၍ မတည်ငွေ ငွေကျပ်သိန်း ၃၀ဝ ဖြင့် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ  အတိုးရ ငွေပေါင်း ကျပ်သိန်း (၁၅၀.၉၅၃) ရရှိခဲ့ပြီး အတိုးရငွေမှ ငွေကျပ်သိန်း (၅၀) နှင့် ကျေးရွာ ပြည်သူလူထုမှ ထည့်ဝင်ငွေ ကျပ် (၁၅၈.၃၂၈) သိန်း စုစုပေါင်း ကျပ်(၂၀၈.၃၂၈)သိန်းဖြင့် ကျေးရွာ မီးလင်းရေးအတွက် ဆောင်ရွက်သွားခဲ့ရာ လျှပ်စစ်မီးကြိုးများ သွယ်တန်းပြီးစီးပြီဖြစ်သောကြောင့်  ဆင်ကျွန်းကျေးရွာရှိ အိမ်ခြေ (၂၅၀) မှ လူဦးရေ (၁၀၇၅) ဦး လျှပ်စစ်မီး စတင်သုံးစွဲနိုင်ပြီ ဖြစ်သည်။


မြစိမ်းရောင် အတိုးရငွေသည် (၃) နှစ်လျှင် တစ်ကြိမ် သုံးစွဲခွင့်ရရှိကြောင်းနှင့် နောက် (၃) နှစ်တွင်လည်း အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


စိုးကျော်သူထွေး(မတ္တရာ)