မတ္တရာမြို့နယ်၌ တစ်နာရီလျှင် ၄၀လီတာ ၁၂အိုး ထုတ်လုပ်ပေးနိုင်မည့် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်မည်

မတ္တရာ    ဇူလိုင် ၁၉

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် တစ်နာရီလျှင် ၄၀ လီတာ ၁၂အိုး ထုတ်လုပ် ပေးနိုင်မည့် အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ဇူလိုင်လ ၁၉ရက်နေ့ နံနက် ၇နာရီ၁၅မိနစ်က အမှတ်(၅)ရပ်ကွက် မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ စက်ရုံမြေနေရာတွင် ပြုလုပ်ခဲ့သည်။

 

အဆိုပါ စက်ရုံဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် အောင်မြေသုခကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တခေမိဿရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စက်ရုံဆောက်လုပ်ရေးကော်မတီ တာဝန်ရှိသူများက ပန္နက်တိုင်များ ရိုက်ပေးခဲ့ကြသည်။

 

အောက်ဆီဂျင်လည်ပတ်ထုတ်ယူနိုင်ရန်အတွက် ကွန်တိန်နာ အထိုင်ထား ရှိရန် စက်ရုံ ဖောင်းဒေးရှင်းကို ဦးစွာ ဆောက်လုပ် သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် အောက်ဆီဂျင် ကွန်တိန်နာ၊ ၄၀လီတာ ဆလင်ဒါအိုး ၁၀၀၊ နှာခေါင်းပိုက် ၅၀၀ ခု နှင့် Flow Meter  ခုရေ ၁၀၀  အား စုစုပေါင်းတန်ဖိုးငွေကျပ် ၁၁၂၆၀၀၀၀၀ဖြင့် မှာယူထားရှိပြီး သြဂုတ်လ တတိယအပတ်အတွင်း ရောက်ရှိနိုင်မည်ဖြစ်ကြောင်း စက်များ ရောက်ရှိပါက  သြဂုတ် လအတွင်း အောက်ဆီဂျင်ထုတ်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အခြားလိုအပ်သော အဆောက်အဦးများကို  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်ရုံဆောက်လုပ်ငန်း ကော်မတီ ထံမှသိရသည်။

 

အဆိုပါ အောက်ဆီဂျင်စက်ရုံကို မတ္တရာမြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းချုပ်နာယက အောင်မြေသု ကျောင်းဆရာတော်မှ ဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အောက်ဆီဂျင်စက်ရုံဆောက်လုပ်ရေး ကော်မတီမှ ဦးစန်းအောင်၊ ဦးဇော်ဇော်ဦး၊ ဦးဇော်လင်းဦး၊ ဦးခင်မောင်အေး၊ ဦးမင်းမင်း၊ ဦးဝမ်ယု၊ ဦးနောင်ရဲထက်ဆွေ တို့ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မတ္တရာ)တို့ ပူးပေါင်း၍ မြို့သူ၊ မြို့သား များနှင့် အလှူရှင်များ၏ မတည်အလှူငွေများ၊ စုပေါင်းလှူဒါန်းငွေများဖြင့်ဆောက်လုပ်သွားမည်ဖြစ်ရာ စက်ရုံဆောက်လုပ်ရန်ခန့်မှန်း ကုန်ကျ စရိတ်မှာ ကျပ်သိန်း၂၀၀၀ခန့် ကုန်ကျနိုင်မည်ဖြစ်၍ အလှူရှင်များအနေဖြင့် ပါဝင်လှူဒါန်းလိုပါက မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့(မတ္တရာ)ဉက္ကဋ္ဌ ၀၉-၇၇၅၇၇၁၇၇၀ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)