မတ္တရာမြို့နယ်တွင် အမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးသတ်ခံရ၊ ပြစ်မှုကျူးလွန်သူ အက်ဆစ်သောက်၍ သေကြောင်းကြံစည်

မတ္တရာ ၄  ဇူလိုင်

ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သပြေသာကျေးရွာတွင် ဇူလိုင် ၃ ရက် ည ၉ နာရီ အချိန်က အမျိုးသမီး တစ်ဦးအား ဓားဖြင့် ထိုးသတ်ပြီး အက်ဆစ်သောက်၍ သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ရေနံ့သာနယ်မြေစခန်းမှ တာဝန်ရှိသူများသည် ကျေးရွာတာဝန်ခံများ၊ သက်သေများနှင့်အတူ ကျောက်စရစ်ချောင်းကျေးရွာ အနောက်မြောက်ဘက်(၄)ဖာလုံအကွာရှိ ကျွန်းတောစိုက်ခင်းအတွင်း ဝင်ရောက်ရှာဖွေရာ ကျွန်းတောအနီးရှိ ငှက်ပျောတောအတွင်း၌ အမျိုးသမီးတစ်ဦးမှာ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး သေဆုံးသူမှာ မမိုးမိုးအောင်(၂၄)နှစ် ဖြစ်ကြောင်းသိရပြီး၊ ပြစ်မှု ကျူးလွန်သူမှာ လှမျိုးထွေး(ခ)ကိုမျိုး (၃၃)နှစ် ဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့သည်ကို ၄င်းကိုယ်တိုင် ရေနံ့သာနယ်မြေစခန်းမှ နယ်ထိန်း ဒုတပ်ကြပ်မျိုးမင်းလတ်ထံ ဖုန်းဖြင့် အကြောင်းကြားခဲ့ကြောင်းနှင့်  ရုပ်အလောင်းအား မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူ လှမျိုးထွေး(ခ)ကိုမျိုးအား ရေနံ့သာနယ် မြေစခန်းမှ အမှုဖွင့်ပြီး  သွားရောက် ဖမ်းဆီးရာ ၄င်းမှာ အက်ဆစ်သောက်ထားသဖြင့် မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရာ မသက်သာသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)