မတူပီမြို့နယ်တွင် ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးမည်

မတူပီ ၂၂ အောက်တိုဘာ

ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မတူပီမြို့နယ် ပြည်သူ့ဆေးရုံခန်းမ၌ ကျင်းပခဲ့သည်။

“အခုလို အပိုဆောင်းထိုးနှံတိုက်ကျွေးမယ့် ဝက်သက်-ဂျိုက်သိုး ကွယ်ဆေးက ဝက်သက်ရောဂါအပြင် ဂျိုက်သိုးရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်၊ ကိုယ်ဝန်ဆောင် မိခင်တွေ ဂျိုက်သိုးရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်ခံရရင် ကိုယ်ဝန်ပျက်ခြင်း၊ မွေးရာပါနှလုံးရောဂါ၊ မျက်စိအတွင်းတိမ်၊ ဘေလုံးကြီးခြင်းနှင့် ဆွံ့အနားမကြားသည့် ကလေးငယ်များ မွေးဖွားလာနိုင်တာမို့ ကာကွယ်ဆေးထိုးနှံဖို့ အရေးကြီးတယ်”ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဂျော်နသန်က ပြောကြားသည်။

ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ တိုက်ကျွေးသွားမည်ဖြစ်ပြီး မတူပီမြို့နယ်တွင်းရှိ မွေးစမှ အသက်(၅)နှစ်အောက် ကလေးငယ် ၇၃၇၁ ဦးအား ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းနှင့် (၉)လမှ အသက်(၅)နှစ်အောက် ကလေးငယ် ၆၆၉၁ ဦးအား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်သည်။

“ချင်းပြည်နယ်ဟာ ပိုလီယိုကာကွယ်ဆေး လွှမ်းခြုံမှု ၈၀ ရာခိုင်နှုန်း အထက်ရှိရဲ့သားနဲ့ ဘာလို့ အပိုဆောင်းတိုက်ကျွေးရတာလဲဆိုရင် ရွှေ့ပြောင်းလုပ်သားများတဲ့နေရာ၊ တစ်နေရာကနေတစ်နေရာကို ကူးလူးဆက်ဆံလို့ရတဲ့ နယ်စပ်ထိစပ်မှုရှိတဲ့နေရာ၊ သွားလာရခက်ခဲတဲ့နေရာ ဖြစ်တဲ့အတွက်ကြောင့် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးရခြင်းဖြစ်တယ်” ဟု မြို့နယ်သူနာပြုဆရာမကြီး ဒေါ်နွမ်ဟွေ့က ပြောသည်။

မတူပီမြို့နယ်၌ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံ တိုက်ကျွေးခြင်းကို ကျန်းမာရေးနှင့် သက်ဆိုင်သည့် INGO, NGO များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းအောင်(ပြန်/ဆက်)