မုဒုံမြို့ ၌ မိုးရာသီ သီးနှံစိုက်ပျိုးသည့် တောင်သူများအား စိုက်ပျိုးရေးစရိတ်ဘဏ်ချေး ငွေကျပ်သိန်းပေါင်း (၁၆၃၇၅ ဒဿမ ၅)သိန်း ထုတ်ချေးပေးပြီးဖြစ်

မုဒုံ   စက်တင်ဘာ   ၁၅

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် တောက်သူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပေါ်နေသည့် ကာလ အတွင်း စီးပွားရေးကုစားမှုအနေဖြင့် အခက်အခဲများ အဆင်ပြေစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆက်သွယ်ကျေးရွာနေ  တောင်သူလယ်သမားများကို   မိုးရာသီ   သီးနှံစိုက်ပျိုးစရိတ် ဘဏ်ချေးငွေများ ထုတ်ချေးပေးသည်။

   

ထိုသို့ ထုတ်ချေးပေးရာတွင် ယခင်နှစ် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေပြေကျေသည့်  ဆက်သွယ်ကျေးရွာရှိ  တောင်သူလယ်သမား (၃၂)ဦး၏  လယ်ဧက(၁၃၄)ဧက အတွက် ဘဏ်ချေးငွေ စုစုပေါင်း (၂၀၁)သိန်းကို      ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

 အဆိုပါ ဘဏ်ချေးငွေများကို မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၃၀)မှ တောင်သူ ဦးရေစုစုပေါင်း(၁၅၁၇)ဦး၏ လယ်ဧက(၁၀၉၁၇)ဧက ချေးငွေ စုစုပေါင်းငွေကျပ် သိန်း(၁၆၃၇၅ ဒဿမ ၅) သိန်းကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကျေးရွာ အုပ်စုများတို့ကိုလည်း  စက်တင်ဘာလကုန်အထိ  ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးယဉ်ဌေးထံမှ သိရှိရသည်။

 

အောင်မျိုးသူ(မုဒုံ)