မုဒုံမြို့အဝင်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ လူ ၁၀ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိ

မုဒုံ ၂၆ ဒီဇင်ဘာ 

မွန်ပြည်နယ် မုဒုံမြို့ မော်လမြိုင်-မုဒုံသွားလမ်းမကြီးပေါ်တွင် ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက မော်တော်ယာဉ်နှစ်စီး တိုက်မှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇင်မိုးက ပြောသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက မွန်ပြည်နယ် မုဒုံမြို့အဝင် ကွမ်တာကျေးရွာအပိုင် မော်လမြိုင်-မုဒုံသွား ကားလမ်းမပေါ်တွင် ကရင်ပြည်နယ် ကော့လှိုက်ကျေးရွာနေ ယာဉ်မောင်း ဦးတင့် မောင်နှင်လာသော မစ်ဆူဘီရှီ ဟိုက်ဂျက် ဘုရားဖူးမော်တော်ယာဉ်သည် လူ ၁၅ ဦး တင်ဆောင်ပြီး မော်လမြိုင်မှ မုဒုံသို့ မောင်းနှင်လာရာ ၎င်းနှင့် လားရာတူမောင်းနှင်လာသည့် သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာနေ ယာဉ်မောင်း တင်အောင်စိုး (၅၃)နှစ် မောင်းနှင်လာသော သဲတင်(၆)ဘီးယာဉ်ကို ကျော်တက်ရာမှ ယာဉ်ကြောထဲပြန်ဝင်ချိန် (၆)ဘီးကားရှေ့ထဲ ဝင်သွားခဲ့ပြီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဟိုက်ဂျက်ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၅ ဦးအနက် အမျိုးသားခြောက်ဦး၊ အမျိုးသမီးသုံးဦး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ မော်လမြိုင်ဆေးရုံကြီး အရောက်တွင် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ ကျန်ရှိသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးမှာ မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

သေဆုံးဒဏ်ရာရသည့် ဘုရားဖူးယာဉ်ပေါ် လိုက်ပါလာသူများသည် ကြို့ပင်ကောက်၊ ဇီးကုန်း၊ အောင်လံနှင့် ဘားအံ ကော့လှိုက်ရွာမှဖြစ်ပြီး ဘုရားဖူးအလည်လာကြရင်း ကျိုက်ခမီဘုရားဖူးသွားကြစဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး “ကားခေါင်းခန်းတွင်း ညှပ်နေတဲ့ အသက်ရှင်နေတဲ့ ကလေးတစ်ယောက်ကို  ကယ်ဆယ်ရေးအဖွဲ့တွေက ကလေးငယ်ကို အောက်ဆီဂျင်ပေး အားပေးစကားတွေပြောလို့ ထိန်းထားပေးကာ မော်လမြိုင်ခရိုင် မီးသတ်တပ်ဖွဲ့မှ ကတ်တာတွေ၊ ကရိန်းကားတွေ အသုံးပြု ဖြတ်တောက်ပြီးတော့ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရာနေရာကို မော်လမြိုင်ခရိုင် မီးသတ်တပ်ဖွဲ့၊ မုဒုံမီးသတ်တပ်ဖွဲ့၊ မော်လမြိုင်မြို့ပေါ်ကွန်ယက်မှ အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ မုဒုံမြို့နယ်ကွန်ယက်မှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းကူညီပေးခဲ့ကြပါတယ်"ဟု မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဇင်မိုးက ပြောသည်။
       
မိုးသောက်(ရွှေဘို)