မုဒုံမြို့နယ်ရှိ ဆံတော်ရှင် ကန်ကြီးစေတီတော်၏ (၁၄၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကျင်းပ

မုဒုံ အောက်တိုဘာ ၉

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်ရှိ သမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၄၈)ကြိမ်မြောက် သီတင်းကျွတ်လပြည့် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။

ဦးစွာ ကန်ကြီးစေတီ သြဝါဒစရိယဆရာတော် ဘဒ္ဒန္တကေတုဝါရနှင့် ဂေါပကအဖွဲ့ဝင်များက အထင်ကရကန်ဖြစ်သည့် ကန်ကြီးမင်္ဂလာကန်တော်အား ရှိခိုးဦးတိုက်ကန်တော့၍ ပြိုင်ပွဲကိုစတင်ခဲ့ရာ မုဒုံမြို့ပေါ်ရပ်ကွက်များမှ ရွှေဘိုလှေလှော်သင်းနှင့် မတူရင်မတုနဲ့ လှေလှော်အသင်းတို့က ပထမပွဲစဉ်အဖြစ် ယှဉ်ပြိုင်လှော်ခတ်ခဲ့ကြပြီး ပြိုင်ပွဲတွင် လှေလှော်အသင်း ခြောက်သင်းတို့မှ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဆက်လက်၍ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆုနှင့် နှစ်သိမ့်ဆု အသီးသီးရရှိသော အသင်းများကို ယာဝဘော ဇနကျောင်းဆရာတော်၊ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်း၊ ကန်ကြီးစေတီတော် ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)