မုန်းချောင်းကမ်းပြိုမှုအန္တရာယ် ကင်းဝေးစေရေး ရေထိန်းရေကာတာ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး

ပွင့်ဖြူ  ၂ ဇူလိုင်    

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဂါတ်ကုန်းကျေးရွာနေပြည်သူများ မုန်းချောင်းကမ်းပြိုမှုအန္တရာယ် ကင်းဝေးစေရေး အတွက် ရေထိန်းရေကာတာ တည်ဆောက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မကွေးတိုင်း ဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ တာဝန်ခံအင်ဂျင်နီယာဖြစ်သူ ဦးသူရိန်ထွန်း ထံမှ သိရသည်။ 

 

အဆိုပါ ရေထိန်းရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်  သန်း(၂၀၀)ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ဖေဖော်ဝါရီ ၂၅ ရက်မှ စတင်တည်ဆောက်ခဲ့ပြီး ဇွန် ၃၀ ရက်နေ့တွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။ 

 

“ကျွန်တော်တို့ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တည်ဆောက်ပေးတဲ့ ရေထိန်းရေကာတာ လုပ်ငန်းပမာဏကတော့ Groyne Root တည်ဆောက်ခြင်း အလျားပေ ၁၀၀၀ ၊ အနံပေ ၇၀ ၊ သုံးတန်းသွား ကျောက်ကြီးဖြည့် အခြေထိန်း ၁၀၀၀ ပေနှင့် သုံးတန်းသွားမျော ကျောက်ကြီးဖြည့် ရေကာတာ ၁၀၀ ပေ (၄)ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းကို တင်ဒါစနစ်နဲ့ N.H.B.C ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းအရည်အသွေး ပြည့်မီရေးအတွက် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်”ဟု တာဝန်ခံအင်ဂျင်နီယာ ဦးသူရိန်ထွန်း က ပြောသည်။

 

အဆိုပါ ရေထိန်းရေကာတာ တည်ဆောက်ပြီးစီးသွားသည့်အတွက် ဂါတ်ကုန်းကျေးရွာရှိ အိမ်ထောင်စု ၂၂၅ စု ၊ လူဦးရေ  ၁၄၀၀  ဦးခန့်အတွက်  နှစ်စဉ်ကြုံတွေ့နေရသည့် မုန်းချောင်းကမ်းပြိုကျမှုအန္တရာယ်မှ ကာကွယ်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)