မုံလူမျိုး (ခေါ်) မြောင်ဇီးတိုင်းရင်းသားတို့အကြောင်း တစေ့တစောင်း

စိုင်းဇော်လတ်(လင်းခေး)

 

စာရေးသူသည် ပထမအကြိမ် ရှမ်းတိုင်းရင်းသားလူမျိုးစုများ၏ စာပေယဉ်ကျေးမှု ဖွံ့ဖြိုးရေးပွဲတော် (တောင်ကြီးမြို့)၌ မှတ်တမ်းတင် ရိုက်ကူးရေးတာဝန် သွားရောက် ထမ်းဆောင်ခဲ့စဉ်က ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ် မြောင်ဇီးတိုင်းရင်းသား လူမျိုးစု စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဆရာမ ဒေါ်မိဆွာ (Suav Vaaj )တို့အဖွဲ့နှင့် တွေ့ဆုံ၍ မုံလူမျိုး (ခေါ်) မြောင်ဇီးတိုင်းရင်းသားလူမျိုးစု တို့၏ အကြောင်းကို လေ့လာမေးမြန်းခွင့် ရရှိခဲ့ပါသည်။

 

 

ထိုသို့တွေ့ဆုံမေးမြန်း လေ့လာသိရှိခဲ့ ရသည်များမှ မုံလူမျိုး (ခေါ်) မြောင်ဇီးတိုင်းရင်း သားလူမျိုးစုတို့အကြောင်း တစေ့တစောင်း ရေးသားတင်ပြလိုက်ရပါသည်-



မြောင်ဇီးလူမျိုးစုတို့၏ နောက်ခံသမိုင်း



ရှေးယခင်နှစ်ပေါင်းများစွာကပင် မြောင်ဇီး တိုင်းရင်းသားလူမျိုးစုတို့သည် တရုတ်ပြည်ကြီး အတွင်းရှိ ကွေကျင်းဒေသမှ ပေါ်ပေါက်လာခဲ့ကြသော လူမျိုးစုတစ်စုဖြစ်ကြောင်း မုံလူမျိုး (ခေါ်) မြောင်ဇီးတိုင်းရင်းသားလူမျိုးစုတို့၏ နောက်ခံသမိုင်းအရ သိရသည်။



မြောင်ဇီးတို့၏ ခံယူချက်



မြောင်ဇီး တိုင်းရင်းသားလူမျိုးတို့၏ သဘောထားခံယူချက် ထားရှိခဲ့ကြပုံနှင့် ပတ်သက်၍ မြောင်ဇီးတိုင်းရင်းသူ ဆရာမ ဒေါ်မိဆွာ(Suav Vaaj)က ''ရှေးယခင် ဘိုးဘေးတို့ လက်ထက်အချိန်ကစပြီး ကျွန်မတို့ မြောင်ဇီးလူမျိုးတွေဟာ ကိုယ့်ကိုယ်ကိုယ် မုံလူမျိုးလို့ပဲ ခံယူခဲ့ကြပါတယ်။ မြောင်ဇီးဆိုတာ က တရုတ်လူမျိုးတွေက ကျွန်မတို့ မုံအမျိုး အနွယ်တွေကို နှိမ့်ချခေါ်ဆိုခဲ့ကြတဲ့ အမည် ဖြစ်ပါတယ်၊ ဒါကြောင့် မြောင်ဇီးအခေါ်ကို မုံလူမျိုးနွယ်တွေက မနှစ်သက်ခဲ့ကြပါဘူး၊ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ မြောင်ဇီး လူမျိုးလို့ပဲ လူသိများတဲ့ တိုင်းရင်းသားလူမျိုးစု တစ်စုဖြစ်ပါတယ်''ဟု ဆရာမ ဒေါ်မိဆွာက ဆိုသည်။



မြောင်ဇီးတို့ ပျံ့နှံ့လာပုံနှင့်ဆွေမျိုးတော်စပ်ပုံ



မုံ (ခေါ်) မြောင်ဇီးလူမျိုးစုတို့သည် မွန်ဂို လီးယန်းမျိုးနွယ်စုဝင်များဖြစ်ကြပြီး မွန်ဂို လီးယား(Mongolia)ဒေသမှ စတင် ပေါ်ပေါက်လာခဲ့ကြသည်။



တရုတ်ပြည် ယူနန်ပြည်နယ်ရှိ ပန်းသေး စော်ဘွားတို့က စစ်နိုင်သောကြောင့် မွန်ဂိုလီး ယန်းမျိုးနွယ်ဝင် မြောင်ဇီးလူမျိုးအိမ်ထောင်စု ကြီးပေါင်း ၃ဝဝ ကျော်တို့က မြန်မာနိုင်ငံ ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကာ တဖြည်းဖြည်း ကိုးကန့်နယ်မြေဒေသသို့ ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း မြောင်ဇီး လူမျိုးစုသမိုင်းမှတ်တမ်းတွင် လေ့လာတွေ့ရှိ ရသည်။

 

ဖော်ပြပါ မြောင်ဇီးအိမ်ထောင်စုကြီး ၃ဝဝ ကျော်တို့ကို ခေါ်ဆောင်အုပ်ချုပ်လာခဲ့ကြသူ များမှာ မြောင်ဇီးစော်ဘွားကြီး ရုဝ်စုဝေါ၊ မြောင်ဇီးတိုက်သူကြီး ရုဝ်လုပ်ရန်၊ မြောင်ဇီး စစ်ဗိုလ်ချုပ် ရုဝ်ကျန်းဝူးနှင့် မြောင်ဇီးစစ်ဗိုလ် ကြီး ရုန့်ပလတို့ဖြစ်ကြောင်း ကိုးကန့်နယ်မြေ ဒေသသို့ မြောင်ဇီးတို့ စတင်ရောက်ရှိလာသော အချိန်၌ တာရွှေနှင့် ြ<ွကယ်ပါးဒေသတို့တွင် ဝင်ရောက်အခြေချနေထိုင်ခဲ့ကြသည်။ သို့သော် ယင်းဒေသ၌ ကိုးကန့်လူမျိုးများ များပြားစွာ နေထိုင်လာကြသောကြောင့် မြောင်ဇီးတို့သည် ရေကြည်ရာ မြက်နုရာဒေသများသို့ တဖြည်းဖြည်း ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်သည်။



မျက်မှောက်ကာလ၌ မိုးနိုက်ဒေသနှင့် ကာမိန်းဒေသတို့တွင် မြောင်ဇီးတိုင်းရင်းသား လူမျိုးစုများ အများဆုံးနေထိုင်လျက်ရှိကြောင်း လေ့လာသိရှိခဲ့ရသည်။



မြောင်ဇီးတို့၏ ဆွေမျိုးတော်စပ်ပုံများ



မြောင်ဇီးလူမျိုးတို့သည် အများအားဖြင့် သီးခြားရွာတည်နေလေ့ရှိကြသူများ ဖြစ်ကြသော်လည်း မိသားစု စိတ်ဓာတ်ပြင်းပြသူများ ဖြစ်ကြောင်း၊ အခြားတိုင်းရင်းသား လူမျိုးစုများနှင့်လည်း ရောနှောနေထိုင်ခြင်း၊ ထိမ်းမြား လက်ထပ်ခြင်းများ ပြုလေ့ရှိကြသည်ဟု မြောင်ဇီးတို့က ဆိုသည်။ အမျိုးအနွယ် ထိန်းသိမ်းမှုရှိကြသည်။ မွန်ဂိုလီးယန်းအနွယ် ဝင်မှ ဆင်းသက်လာခဲ့ကြသည့် မြောင်ဇီး အမျိုးအနွယ်ဝင်များမှာ



၁။ ကျန်လူမျိုးနွယ်


၂။ ရှုံ့လူမျိုးနွယ်



၃။ ရန့်လူမျိုးနွယ်



၄။ မားလူမျိုးနွယ်



၅။ ဝန့်လူမျိုးနွယ်



၆။ လီးလူမျိုးနွယ်



၇။ ထောင်လူမျိုးနွယ်နှင့်



၈။ စူးလူမျိုးနွယ်စုတို့ ဖြစ်ကြသည်။



ဆွေမျိုးတော်စပ်ပုံမှာ ယို( အဘိုး)၊ ပေါ (အဘွား)၊ ဆိုင်ကူး(မြေးမ)၊ ညီကူး(မြေး)၊ ဖခင် ဘက်မှ ယိုလော (ဦးကြီး)၊ ကျင်းကျယ် ( ဦးလေး)၊ မိခင်ဘက်မှ ဖိလန့်ရှို (ဦးကြီး)၊ နာတယ်လော (အဒေါ်ကြီး)၊ နာလွှား(အဒေါ် လေး)၊ ကို့ဒီလုံး(အစ်ကို)၊ ကိုးမွှာအား(အစ်မ)၊ တုန့်ဒို(တူ)၊ ဆိုင့်ဒူ(တူမ)၊ ကူးလိဝုံ့(သမက်)၊ ကူးလိညံ့(ချွေးမ)၊ ဇီ(အဖေ)၊ နာ(အမေ)၊ တော (သား)၊ ဆယ်(သမီး)၊ ကိုးလိကူး(ညီ)၊ မန်ဂျိုး (ညီမ)၊ ယိုယီး(ယောက်ဖ)၊ နာကျေ(ယောက်မ)၊ ကူးနာတိုင်း(ယောက္ခမ)၊ ကူရိဇိ(ယောက္ခထီး) ဟု တော်စပ်ခေါ်ဆိုကြသည်။



မြောင်ဇီးတို့၏ စာပေ၊ ရိုးရာဝတ်စား ဆင်ယင်မှုနှင့် စိုက်ပျိုးမွေးမြူရေး



မြောင်ဇီးတိုင်းရင်းသားတို့တွင် ကိုယ်ပိုင် စာပေ၊ ကိုယ်ပိုင်စကားရှိသည်။ မြောင်ဇီး တိုင်းရင်းသားလူမျိုးတို့သည် မိမိတို့လူမျိုးမှာ နေ၊ လတို့မှ ဆင်းသက်သည်ဟု အယူရှိကြ သည်။ ထိုသို့အယူရှိခဲ့ကြသောကြောင့် ရိုးရာအဝတ်အစားများ ဝတ်ဆင်ရာတွင် ၎င်းတို့၏ ယုံကြည်ချက် အမှတ်အသားများအား သရုပ်ဖော် ဝတ်ဆင်ကြသည်။



မြောင်ဇီးအမျိုးသားတို့၏ ခေါင်းပေါင်းတွင် လဝန်းပုံသဏ္ဌာန်ဖော်ဆောင်ထားသည်။ မြောင်ဇီးအမျိုးသမီးတို့မှာမူ ၎င်းတို့ခေါင်းပေါင်းကို ထောင့်ချွန်းများပြုလုပ်ကာ နေထွက်လာသည့် ပုံစံနှင့်တူအောင် ခေါင်းပေါင်းထားကြသည်မှာ မြောင်ဇီးတိုင်းရင်းသား လူမျိုးတို့၏ ထူးဆန်းသော ရိုးရာဝတ်စား ဆင်ယင်ထုံးဖွဲ့မှု တစ်ခုဟု ဆိုရပေမည်။



မြောင်ဇီးတို့ရိုးရာအင်္ကျီများကို အနီ၊ အစိမ်း၊ အဝါ၊ အပြာ စသောအရောင်တို့ဖြင့် ဆင်ယင် ဝတ်စားလေ့ရှိသည်။
 

မြောင်ဇီးတို့ ရိုးရာအစားအစာများမှာ ထမင်းနှင့် ဖရုံရွက်ချက်၊ အခြားအသီးအရွက် ပြုတ်၊ အသား၊ ငါးတို့အပြင် ကျပန်း အစားအစာများကို ကြိုက်နှစ်သက်ကြသည်။ တချို့က ရှမ်းတိုင်းရင်းသား အစာဆန်ဆန် ပြုလုပ် စားသောက်ကြသည်။

 

 

မြောင်ဇီးအမျိုးသားများ အရွယ်ရောက်လျှင် ဆေးပေါ့လိပ်၊ အသက်ကြီးလျှင် ဆေးတံ သောက်လေ့ရှိကြပြီး ကွမ်းစားခြင်းမပြုကြ။ အရက်ကိုသာ သောက်သုံးတတ်ကြကြောင်းနှင့် ဘိန်းရှူကြသူများလည်း အချို့ရှိပါကြောင်း ၎င်းတို့ကဆိုသည်။

 

တောင်ယာလုပ်ငန်းကို အဓိက လုပ်ကိုင် ကြသည်။ တောင်ယာစပါး၊ ဝါ၊ ပြောင်း၊ နှမ်း၊ ငရုတ်၊ မြေပဲ၊ ပဲမျိုးစုံ၊ အာလူး၊ ဟင်းသီးဟင်း ရွက်မျိုးစုံတို့ကို စိုက်ပျိုးလုပ်ကိုင်စားသောက်ကြပြီး ခြံယာအငှားလိုက် အလုပ်များကို လုပ်ကိုင်ခြင်းဖြင့်လည်း အခြားဝင်ငွေ တစ်ဖက်တစ်လမ်းအဖြစ် လုပ်ကိုင်နေထိုင်လျက်ရှိကြကြောင်း လေ့လာတွေ့ရှိရသည်။

 

မြောင်ဇီးတို့၏ ရိုးရာဓလေ့တူရိယာ



မြောင်ဇီးတို့၏ ရိုးရာတူရိယာမှာ ဘင်ဂျို၊ ပလွေနှင့် လင်းကွင်းတို့ဖြစ်သည်။ အထင်ကရ တူရိယာဖြစ်သော ကိမ်း ခေါ် ဝါးချောင်း ကလေးများ များစွာတပ်ဆင်ထားသည့် လေမှုတ်တူရိယာကို မြောင်ဇီးတို့၏ သက်ကြီး ရွယ်အိုများ ကွယ်လွန်ချိန်၊ နှစ်သစ်ကူးပွဲတော်၊ မင်္ဂလာဆောင်ပွဲများနှင့် အပျိုလူပျိုကာလသား လှည့်သောအခါများ၌ တီးမှုတ်ကြသည်။



မောင်ဘွဲ့၊ မယ်ဘွဲ့၊ တောတောင်ဘွဲ့ တေးသီချင်းများ သီဆိုခြင်းဖြင့်လည်း တီးမှုတ် ကြကြောင်း လေ့လာသိရှိခဲ့ရသည်။



မြောင်ဇီးတို့ရိုးရာဓလေ့ပွဲများနှင့် ယုံကြည်ကိုးကွယ်မှု



မြောင်ဇီးတို့သည် အများအားဖြင့် နတ် ကိုးကွယ်ကြပြီး ခရစ်ယာန်ဘာသာကိုးကွယ် ကြသူများလည်း ရှိကြသည်။ နှစ်သစ်ကူးပွဲတော်၊ လမင်းတင်ပွဲတော်၊ ကောက်ညှင်းထုပ် ပွဲနှင့် သင်္ချိုင်းပူဇော်ပွဲများ ကျင်းပလေ့ရှိသည်။ ကိုးကန့်အမျိုးသားတို့၏ ပွဲတော်များကဲ့သို့ အလားတူပွဲတော်များကို မြောင်ဇီးတို့ ကျင်းပ လေ့ရှိကြသည်ဟု ၎င်းတို့ကဆိုသည်။

 

သင်္ချိုင်းပူဇော်ပွဲသည် မြောင်ဇီးလူမျိုးစု၏ အခြားတိုင်းရင်းသားလူမျိုးများနှင့်မတူ တစ်မူ ထူးခြားသောပွဲဟု သတ်မှတ်ထားကြသည်။ ထိုပွဲကျင်းပမည့်အချိန်ရောက်လျှင် သင်္ချိုင်းကို အရေးတယူ ပြုပြင်ထားရသည်။

 

အချိန်အခါအားလျော်စွာ သုသာန်ရှိ အဘိုး၊ အဘွား၊ ဆွေမျိုးများကို ပူဇော် ကန်တော့ရသည့်ပွဲဖြစ်ကြောင်း မြောင်ဇီးတို့က ပြောကြားသည်။ ထိုသို့ပူဇော်ပွဲတွင် အစား အသောက်၊ အသား၊ ငါး၊ ထမင်း၊ ဟင်းလျာ များကို ချက်ပြုတ်၍ သုသာန်သို့ သယ်ဆောင် သွားကြရပြီး ပွဲတော်တင်လှူပူဇော်ပြီးသော် အစားအစာများကို အိမ်သို့ယူဆောင် စားသောက်လေ့ရှိကြသည်။

 

ငွေကြေးတတ်နိုင်သော မြောင်ဇီးလူမျိုး တို့၏ အသုဘတွင် နွားသတ်၍ ကျွေးမွေး ရသည်။ အသုဘကို လူငယ်များသာ သင်္ချိုင်း သို့ ထမ်းပို့ကြရသည်။

 

အခြားသူများ မပို့ကြရ။ အိမ်ထောင်စု တစ်စုစီအတွက် သီးသန့်သင်္ချိုင်းတစ်ခုစီထား ရှိကာ မိသားစုအလိုက် အလောင်းကို သင်္ဂြိုဟ် ကြရကြောင်း သိရသည်။

 

မြောင်ဇီးတို့၏ အိမ်ထောင်ပြုမှုနှင့် သဘောသဘာဝများ



မြောင်ဇီးအမျိုးသား လူပျိုများသည် အပျိုအိမ်သို့ သွားလေ့သွားထမရှိ။ တောင်ပေါ် ယာတောခင်းများသို့ သွားရောက်ပြီး ကာလသားလှည့် စကားဆိုလေ့ရှိကြသည်။ ကာလသမီးပျို တို့၏ မိဘများက စည်းကမ်းကြီးကြသည်။ တစ်နည်းအားဖြင့် မြောင်ဇီးသမီးပျို မိဘများ သည် လွန်စွာစည်းကမ်းတင်းကျပ်လေ့ရှိကြ သည်ဟုဆိုသည်။ နှစ်ဦးမေတ္တာမျှကြလျှင် လူကြီးစုံရာဖြင့် သတို့သမီး၏မိဘထံ တောင်းယူ လက်ထပ်ခြင်းပြုကြသည်မှာ မြောင်ဇီးလူမျိုးတို့၏ ရှေးအစဉ်အလာမပျက် သည့် ရိုးရာသဘာဝဓလေ့ထုံးစံတစ်ခုဖြစ် ကြောင်း သိရသည်။

 

ဆက်လက်၍ မြောင်ဇီးအပျို မိဘများထံသို့ အောင်သွယ်မှတစ်ဆင့် နားဖောက်စေရသည်။ မိဘများက သဘောတူလျှင် သတို့သားဘက်မှ နွားနှစ်ကောင်၊ ငွေကျပ် ၈ဝ တင်တောင်းရသည်။



အပြည့်မပေးနိုင်သေးပါက လက်ထပ်ပြီးမှ တဖြည်းဖြည်းပေးဆပ်နိုင်သည်။ ငွေကြေး မတတ်နိုင်လျှင် လူကြီးနှစ်ဦး၊ သုံးဦးကိုခေါ်၍ ကျွေးမွေးဧည့်ခံခြင်းဖြင့် ပြီးစီးနိုင်သည်။ တတ် နိုင်လျှင် တစ်ရွာလုံးဖိတ်ခေါ် ကျွေးမွေးရသည်။ အဝတ်အစားများကို လက်ဖွဲ့ကြပြီး ဆွေမျိုး နည်းရာဘက်သို့ လိုက်နေကြကြောင်း လေ့လာ မှတ်သားရပါသည်။

 

မြောင်ဇီးအမျိုးသမီးတို့သည် အိမ်ထောင်ပြုပြီးနောက် ကိုးလအထိ ကိုယ်ဝန်ဆောင် သော်မှ မွေးဖွားလာခြင်းမရှိလျှင် ဆေးစား၍ သားဖျက်ချကြရကြောင်း၊ သားသမီးမွေးဖွားသော အမျိုးသမီးများကို မြတ်သည်ဟု ယူဆကြကြောင်း၊ အမြုံအမျိုးသမီးတို့ မျက်နှာငယ်ရကြောင်း၊ မွေးဖွားစဉ် မီးလှုံခြင်းမပြုကြောင်း၊ ကလေးမွေးဖွားပြီးပါက အိပ်ရာခန်း ကောင်းမွန်စွာပြင်ဆင်ကာ နားနေရကြောင်း၊ မီးတွင်း၌ ထမင်းအပျော့ကိုသာ ချက်၍ ကြက်ဥ၊ ကြက်သားများကို ငရုတ်ကောင်းနှင့် ပြုတ်စားရကြောင်း၊ မီးတွင်းကာလ တစ်လ နေချိန်တွင် ကလေးမွေးဖွားပြီးနောက် ၁၅ ရက်အကြာတွင်မှသာ ရေချိုးရပါကြောင်း၊ ရေချိုးရာတွင် ဆေးများနှင့် ရောစပ်ပေါင်းထားသော ရေနွေးငွေ့ပေါင်းအိုးဖြင့် ချွေးအောင်းပေးရပါကြောင်း၊ အထူးသဖြင့် အိမ်ထောင်ပြုပြီး မြောင်ဇီးအမျိုးသမီးများသည် သားသမီး မဖြစ်ထွန်းခဲ့လျှင်သော် လည်းကောင်း၊ သားယောကျာ်းလေး မမွေးဖွားလျှင်သော်လည်းကောင်း နောက်ထပ် လက်ထပ်နိုင် ခွင့်ရှိကြောင်း၊ ဇနီးသည် အမျိုးသမီးများကို အတူတကွ နေထိုင်စေလေ့ရှိကြပြီး သား ယောကျာ်းလေးသည်သာလျှင် ဖခင်၏အမျိုး အနွယ်ကို ဆက်ပေးသူဖြစ်သည်ဟု မြောင်ဇီး တိုင်းရင်းသားလူမျိုးစုတို့က ရှေးအခါသမယ ကာလများစွာမှပင် ယုံကြည်လာခဲ့ကြကြောင်း မြောင်ဇီးလူမျိုးတို့၏ အိမ်ထောင်မှုပြုခြင်း သဘောသဘာဝနှင့် ရိုးရာဓလေ့အကြောင်းများအား ဗဟုသုတအဖြစ် လေ့လာသိရှိရသည်။

 

အချုပ်အားဖြင့် မုံလူမျိုး (ခေါ်) မြောင်ဇီး တိုင်းရင်းသားလူမျိုးစုတို့သည် ရှေးနှစ်ပေါင်း များစွာမှသည် ယနေ့မျက်မှောက်ခေတ် ကာလတိုင်အောင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ ဒေသများတွင် သာမက ကွမ်းလုံနယ်ခြားခရိုင် ဟိုပန်မြို့အနီး ဗိုလ်မှူးအောင် စံပြရွာပတ်ဝန်းကျင်ဒေသ တို့တွင်လည်း မြောင်ဇီးရွာများအဖြစ် တည်ရှိလျက် အဆိုပါ မြောင်ဇီးကျေးရွာများမှ မြောင်ဇီးကလေးသူငယ်များသည် နိုင်ငံတော် အစိုးရမူလတန်းကျောင်းများ၌ စိတ်ပါဝင်စားစွာဖြင့် ပညာသင်ကြားလျက်ရှိကြပြီး မြောင်ဇီး စာပေ၊ မြောင်ဇီးစကားတို့အပြင် မြန်မာစာ၊ မြန်မာစကားတို့ကိုလည်း တတ်ကျွမ်းတိုးတက် လာခဲ့ကြသူများအဖြစ် ဖွံ့ဖြိုးတိုးတက်လာနေပြီ ဖြစ်သော မုံလူမျိုး (ခေါ်) မြောင်ဇီးတိုင်းရင်း သားလူမျိုးစုများအကြောင်း တစေ့တစောင်းကို ဗဟုသုတဖြစ်စေရန် ရည်ရွယ်လျက် ရေးသားဖော်ပြလိုက်ရပါသည်။

 

ကြေးမုံ