မုံရွာမြို့နယ်ရှိ မဟာစေတီလှဘုရားကြီးတွင် မီးပုံးပျံပွဲ ကျင်းပ

မုံရွာ   ၁၃  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သာစည်ကျေးရွာ မဟာစေတီလှဘုရားကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော မီးပုံးပျံ လွှတ်ပွဲကို ယနေ့ (သီတင်းကျွတ်လပြည့်နေ့) နံနက်ပိုင်းက မဟာစေတီလှ ဘုရားဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

1

 

မီးပုံးပျံလွှတ်ပွဲတော်ကြီးတွင် သာစည်ကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများက မိမိတို့ကျေးရွာများမှ ထွက်ရှိသော ငရုတ်သီး၊ ကြက်သွန်၊ ပဲမျိုးစုံ၊ ဆန်စပါး စသည့်တို့ကို မဟာစေတီလှ ဘုရားကြီးရင်ပြင်တော်သို့ ပက်ဖျန်းပြီး စိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်စေရန်၊ အခြားသီးနှံမျိုးစုံတို့ကိုလည်း ဘုရားကြီးတွင် ကပ်လှူသည့် အလေ့အထလည်းရှိကြောင်း သိရသည်။

 

ဝါလကင်းလွတ်ပြီး သီတင်းကျွတ်လပြည့်နေ့မှာ သာစည်ကျေးရွာနဲ့ အနီးဝင်းကျင် ကျေးရွာတွေက ဘုရားကြီးကိုလာပြီး တတ်နိုင်သမျှ လှူကြတယ်၊ အဲဒီပွဲမှာ မီးပုံးပျံလွှတ်တာကို ထည့်ပြီးကျင်းပတာပါ၊ မီးပုံးပျံလွှတ်ပွဲတော်က ဒီဒေသရဲ့ အစဉ်အလာ ပွဲတစ်ခုလိုဖြစ်နေပြီ၊ မုံရွာမြို့နယ်သာမက အနီးဝန်းကျင် မြို့နယ်တွေကပါ လာပြီးကြည့်ရှုကြတယ်ဟု မီးပုံးပျံပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးချိုက ပြောသည်။

 

1

 

မုံရွာမြို့နယ် သာစည်ကျေးရွာ မဟာစေတီလှဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ မီးပုံးပျံလွှတ်ပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ကျင်းပရာ မီးပုံးပျံပွဲတော်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)