မုံရွာမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး မြို့နယ်အဆင့် Mask Campaign ပြုလုပ်

မုံရွာ ၁၁ မေ

           

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်ရေး မြို့နယ်အဆင့် Mask ကမ်းပိန်းကို ယနေ့ နံနက်(၈)နာရီက ပြုလုပ်ကာ ပြည်တွင်းဖြစ်  Mask(၂၀၀၀)ခုကို ဖြန့်ဝေပေးခဲ့ကြောင်း မုံရွာမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးခင်မောင်စိုး ထံမှ သိရသည်။

           

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးကို လုပ်ဆောင်နိုင်ရန် ပြည်သူများအနေဖြင့် မိမိတို့အိမ်တွင်သာ အတတ်နိုင်ဆုံး နေထိုင်ရန်၊ မဖြစ်မနေအိမ်အပြင်သို့ထွက်ပါက လူတိုင်း Mask တပ်ဆင်ပြီးမှသာ ထွက်ကြရန် ညွှန်ကြားထားသော်လည်း လိုက်နာမှုအားနည်းလာသည့်အတွက် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေရန် ကြိုတင်ကာကွယ်တားဆီးခြင်းအဖြစ် လူတိုင်း Mask တပ်ဆင်နိုင်ရန် အသိပညာပေးခြင်းနှင့် ပညာပေး ကာလပြီးဆုံးက အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ကို ပြည်သူများသိရှိနိုင်ရန် Mask ကမ်ပိန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

           

“ ပြီးခဲ့တဲအပတ်က မုံရွာမြို့နယ်မှာ Mask နဲ့ပတ်သက်တဲ့ စစ်တမ်းတစ်ခုကောက်ယူမှုလုပ်ခဲ့တယ်၊ (၈၅) ရာခိုင်နှုန်း လောက်က Mask တပ်တာတွေ့ရတယ်၊ မတပ်တဲ့သူတွေကဘယ်လိုတွေလည်းဆိုရင် မေးစေ့မှာ Mask ကိုချိတ်ထားတာတို့ တချို့က Mask ပါလာပြီးတော့ အိတ်ထဲမှာထည့်ထားတာမျိုးတို့ တချို့က Mask လုံး၀ မပါ လာကြဘူး။ အဲဒိအတွက် ဒီကနေ့ Mask မပါလာတဲ့ ပြည်သူတွေက ပြည်တွင်းဖြစ် Mask တွေ အခမဲ့ဝေပေးတယ်၊ Mask တပ်ပြီးမှ အပြင်ထွက်ကြဖို့ နောက်ဆုံး သတိပေးရင်နဲ့ ကမ်ပိန်းကို လုပ်တာဖြစ်တယ်၊ အရေးယူချင်လို့ လုပ်ဆောင်တာမဟုတ်ပါဘူး၊ အရေးယူမှာက နောက်ဆုံးအဆင့်ပါ၊ Mask တပ်ထားရင် ကျန်းမာရေးအရ ကိုယ့်ကို ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်သလဲဆိုတာ သူတို့အားလုံးကို အသိပညာပေးရင်နဲ့ အခုလိုကမ်းပိန်းကို လုပ်ဆောင်တာဖြစ်ပါတယ် ” ဟု မုံရွာမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးခင်မောင်စိုးက ပြောသည်။

           

မုံရွာမြို့နယ်တွင် Covid 19 ရောဂါ ကာကွယ်တားဆီးနိုင်ရေး အသိပညာပေးလုပ်ငန်းများစတင် လုပ်ဆောင်ခဲ့သည့်  မတ်လနောက်ဆုံးပတ်မှ ယနေ့အထိ အခုရေ(၅၀၀၀၀)ကျော်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် မြို့နယ်အဆင့် Mask ကမ်းပိန်းပြုလုပ်ရာသို့ မုံရွာမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးခင်မောင်စိုး၊ ကော်မတီဝင်များနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ ပါဝင်ခဲ့ကြောင်း သိရသည်။

                                                                                                                               

ဝင်းဦး(ဇေယျာတိုင်း)