မုံရွာမြို့တွင် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲပြုလုပ်

မုံရွာ  ၂၇  ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မုံရွာစက်ဘီးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ယနေ့ နံနက် ၆ နာရီက ပြည်သူ့အားကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် ကျင်းပရာ စက်ဘီးဝါသနာရှင်များ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

 

အဆိုပါ လူထုစုပေါင်း စက်ဘီးစီးနင်းပွဲတွင် စက်ဘီးဝါသနာရှင်များမှ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မုံရွာမြို့ မြောက်ဘက်ခြမ်းရှိ  အိုဘိုတောင်ရပ်ကွက် အောင်မင်္ဂလာအဝိုင်းအထိ၊ ၎င်းမှ ချင်းတွင်းမြစ်ကမ်း တာပေါင်အတိုင်း တောင်ဘက်ခြမ်းရှိ ဘူတာလမ်းဆုံအထိ လည်းကောင်း၊ ဘူတာလမ်းဆုံမှ ဗိုလ်ချုပ်ကြေးရုပ်အဝိုင်းမှ ပြည်သူ့အားကစားကွင်းအတွင်းသို့ ပန်းဝင်ခဲ့ကြပြီး လူထုစုပေါင်း စက်ဘီးစီးနင်းပွဲတွင် ပါဝင်ကြသော စက်ဘီးဝါသနာရှင်များကို စက်ဘီးပြိုင်ဘီး (၈)စီးအား မဲဖောက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စုပေါင်းစက်ဘီးစီးနင်းပွဲကို သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်ရန်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို ဆန့်ကျင်ကန့်ကွက်ရန်၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေရန် တို့အတွက် လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ကျင်းပခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂ ရက်နှင့် ၃၀ ရက်တို့တွင်လည်း ကျင်းပခဲ့ပြီး ယခုအကြိမ်သည် (၃)ကြိမ်မြောက်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)