မုတ္တမကမ်းလွန်ရေနံလုပ်ကွက် M9 တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်ရန် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း လူထုတွေ့ဆုံပွဲ မြိတ်မြို့၌ ကျင်းပ

မြိတ်  ၂၄  သြဂုတ်  


မုတ္တမကမ်းလွန်လုပ်ကွက်အမှတ် M9 တွင် PTTEPI ကုမ္ပဏီမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နယ်ပယ်တိုင်းတာသတ်မှတ်ခြင်း ပထမအကြိမ် လူထုတွေ့ဆုံပွဲကို သြဂုတ်လ(၂၃)ရက် နံနက်ပိုင်းက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။


“ ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့ ပိုမိုရအောင် ပိုမိုပံ့ပိုးပေးနိုင်အောင် ပြည်ပပို့တဲ့ဘာဝဓာတ်ငွေ့လည်း သတ်မှတ်ထားတဲ့ပမာဏအတိုင်းပြည့်မီအောင် ရည်ရွယ်ချက်နဲ့တူးတာပါ။ သဘာဝဓာတ်ငွေ့တွေ ထပ်မံတွေ့ရှိ လာမယ်ဆိုရင် ပြည်တွင်းသုံးအတွက်လည်းအထောက်အကူပြုနိုင်မှာပါ။ လျှပ်စစ်ကဏ္ဍတွင် သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေအတွက်လည်း ပိုပြီးဖြည့်ဆည်းပေးနိုင်မယ့် ရည်ရွယ်ချက်နဲ့ ရှာဖွေတူးဖော်နေတာပါ” ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးနေအောင် က ပြောသည်။


မုတ္တမကမ်းလွန်လုပ်ကွက်အမှတ် M9 ဇောတိကသဘာဝဓာတ်ငွေ့ရှိတဲ့ လုပ်ကွက်မှာ ၂၀၂၀မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ အကဲဖြတ်တွင်းတူးရန်အတွက် လုပ်ငန်းမတိုင်ခင် ဒေသခံများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများကို ရှင်းလင်းတင်ပြခြင်းဖြစ်ကြောင်း၊ ရှင်းလင်းတင်ပြရာတွင် ဒေသခံများ၏ သဘောထားနှင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများ အကြံပြုချက်များကိုရယူ၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ အစီရင်ခံစာ ရေးဆွဲတင်ပြနိုင်ရေး အတွက် လူထုတွေ့ဆုံပွဲကျင်းပရခြင်းဖြစ်ကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ သိရသည်။


“မုတ္တမကမ်းလွန်လုပ်ကွက်အမှတ် M9 တွင် အကဲဖြတ်တွင်း(၁၇)တွင်း တူးဖော်ရန်လျာထားပါတယ်။ ဒီလုပ်ကွက်သည် ရန်ကုန်မြို့မှ (၂၄၃)ကီလိုမီတာ ၊ ထားဝယ်မြို့မှ (၂၁၀)ကီလိုမီတာ ၊ မြိတ်မြို့မှ (၃၀၉) ကီလိုမီတာ ကွာဝေးပါတယ်။ စီမံကိန်းကို ၂၀၂၀ခုနှစ်မတ်လဆန်းတွင် ဆောင်ရွက်ရန် လျာထားပါတယ်။ အကဲဖြတ်တွင်းတူးဖော်ရေးစီမံကိန်းကတော့ နောင်အနာဂတ်မှာ M9 လုပ်ကွက်ကနေ စွမ်းအင်ထပ်မံ ဖြည့်စွက်ဖို့ လျာထားပြီး အကဲဖြတ်တွင်းတွေ တူးနေတာဖြစ်ပါတယ်” ဟု PTTEPI ကုမ္ပဏီမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေး အင်ဂျင်နီယာ ဦးဝဏ္ဏဝင်း က ပြောသည်။    


ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်ရန် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ် ခြင်းဆိုင်ရာ နယ်ပယ်တိုင်းတာသတ်မှတ်ခြင်း လူထုတွေ့ဆုံပွဲတွင် မြန်မာ့ကမ်းလွန်လုပ်ကွက်အမှတ် M9 ၌ PTTEPI ကုမ္ပဏီမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းများ စီမံကိန်းနှင့်ပတ်သက်၍ မြန်မာ့ရေနံ နှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် PTTEPI ကုမ္ပဏီတို့မှ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြသည်။ 


PTTEPI ကုမ္ပဏီအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို AECOM (Thailand)နှင့် Limited(AECOM) E-Guard Environmenta  Service ကုမ္ပဏီမှ ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။


ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

IMG_0