မူဆလင် ဆိုက်ဘာ စစ်ဆင်ရေးတပ် (သို့မဟုတ်) အင်ဒိုနီးရှား ခေါင်းဆောင်ကို ဖယ်ရှားဖို့ ပုံဖော်ထားတဲ့ သတင်းတု စစ်ဆင်ရေး

၁၅  မတ်

 
အစိုးရကို မငြိမ်မသက် ဖြစ်စေဖို့နဲ့ နိုင်ငံရေး ဖြစ်စဉ်တွေ ပျက်ပြားအောင် ရည်ရွယ်ပြီး တိတ်တိတ်ပုန်းပြုလုပ်နေတဲ့ သတင်းတု စစ်ဆင်ရေး တစ်ခုအကြောင်းကို  ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီလို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောကြားချက်အရ သိရပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်းက ကျွန်းစုတစ်လျှောက် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာ မူဆလင် ဆိုက်ဘာ စစ်ဆင်ရေးတပ်လို့ ခေါ်တွင်ပြီး ဆိုက်ဘာဂျီဟတ်လို့ ကြွေးကြော်ထားတဲ့ ကွန်ရက်တစ်ခုရဲ့ အတွင်းပိုင်းလုပ်ကိုင် ဆောင်ရွက်နေမှုတွေကို အာဏာပိုင်တွေက ဖော်ထုတ်ခဲ့တာပါ။

 

အဆိုပါ ကွန်ရက်ဟာ သတင်းတုတွေကို ဖြန့်ချိနေမှု၊ ဘာသာရေးနဲ့ မျိုးနွယ်စုတွေကြား အမုန်းစကား သွေးထိုးမှု၊ အမျိုးသား၊ အမျိုးသမီး လိင်တူချစ်သူတွေအပေါ် အမုန်းတရား ပွားများအောင် ပြုလုပ်နေမှု၊ တရုတ်လူမျိုးများနဲ့ ကွန်မြူနစ်တွေအပေါ် စွပ်စွဲသမုတ်မှု၊ သမ္မတကို အသရေပျက်စေတဲ့ အကြောင်းအရာတွေကို ဖြန့်ဝေမှုစတဲ့ အချက်တွေနဲ့  စွပ်စွဲခံထားရပါတယ်။

 

 

အဲဒီကွန်ရက်ကို Family MCA လို့ခေါ်ပြီး Whatsapp  ကို အဓိက အားပြုပြီး လှုပ်ရှားနေကြောင်း ရဲတပ်ဖွဲ့က ဆိုထားပါတယ်။ အဲဒီအဖွဲ့မှာ သဘောထားကွဲလွဲစေမယ့် ဝါဒတွေကို ဖြန့်ဖြူးဖို့ အဖွဲ့တစ်ဖွဲ့ကို တာဝန် ပေးထားပြီး အကောင့်တွေကို နှောက်ယှက်ဖို့နဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ ကိရိယာတွေမှာ ကွန်ပျူတာ ဗိုင်းရပ်စ်တွေ ပျံ့နှံ့နေစေဖို့ အတွက် စနိုက်ပါ အဖွဲ့တစ်ဖွဲ့ကိုလည်း သီးခြားဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ယင်းကဲ့သို့ အစုအဖွဲ့တစ်ခုကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး  တစ်ဦးချင်းစီ ၁၄ ဦးကို ဒုတိယအကြိမ် ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ သတင်းတုတွေကို ဖျက်လုပ်ဖျက်ဆီး လုပ်လိုတဲ့ သဘောနဲ့ ပျံ့နှံ့စေပြီး အင်ဒိုနီးရှား နိုင်ငံရဲ့ အားနည်းချက် တစ်ရပ်အဖြစ် နိုင်ငံတွင်း အကြောက်တရားတွေကို ထည့်သွင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။

 

ကမ္ဘာ့အကြီးဆုံး  မူဆလင်လူမျိုးစု နေထိုင်ရာ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားဟာ တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ ဖေ့စ်ဘုတ်နဲ့ တွစ်တာလူမှုကွန်ရက် အသုံးပြုသူ အများဆုံး အဆင့် ငါးနေရာမှာ ရှိနေပါတယ်။ ဒါကြောင့် အွန်လိုင်းမှာ ဘာသာရေးအရနဲ့ လူမျိုးစုအရ သဘောကွဲလွဲမှုတွေ ကြောက်စရာကောင်းလောက်အောင် မြင့်တက်နေတာ အံ့သြစရာ မဟုတ်ပါဘူးလို့လည်း တချို့က ဆိုပါတယ်။

 

(MDN)
ကိုးကား- The Guardian.