မူးမြစ်အတွင်းမှ  ငါးဖမ်းရာတွင်အသုံးပြုသည့်  ပိုင်ရှင်မဲ့ငါးဖမ်းပစ္စည်းများ တွေ့ရှိသိမ်းဆည်း

ရေဦး  ၂၉  ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် တန့်ဆည်မြို့နယ်ငါးသယံဇာတ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်းကာ ကာဘိုးဆည်နှင့်မူးမြစ်အတွင်း တရားမဝင်  ငါးဖမ်းဆီးခြင်းနှင့် ဘက်ထရီရှော့တိုက် ဖမ်းဆီးခြင်း မပြုလုပ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ရာ တန်ဆည်မြို့နယ် အက်တောကျေးရွာအုပ်စု မူး၀ကျေးရွာအနီး မူးမြစ်အတွင်း၌ ငါးဖမ်းဆီးရာတွင် အသုံးပြုသည့် ပိုက်တပ်ရင်တွန်းတစ်ခု၊ မြှုံး ၆ လုံး၊ တန်းပိုက်တစ်ခုတို့ကို ပိုင်ရှင်မဲ့တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါပစ္စည်းများကို စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ရေဦးမြို့နယ်ငါးလုပ်ငန်းစီးစီးဌာန ဦးစီးမှူး ထံမှသိရသည်။

 

ဆက်လက်ပြီး ပူးပေါင်းအဖွဲ့မှ တန့်ဆည်မြို့နယ် မူး၀ကျေးရွာ ဒေသခံရေလုပ်သားများနှင့် တွေ့ဆုံပြီး ငါးသယံဇာတ ထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းနှင့်  ငါးရစ်ငါးသန်ကာလ ငါးသားပေါက်ရာသီမှာ ငါးမျိုးပြုန်းတီးမှုမရှိစေရေး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် ရေချိုငါးလုပ်ငန်းဥပဒေပါ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ပြစ်ဒဏ်များကို ချပြဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သန်းထိုက်(ရေဦး)