မူးယစ်ဆေးစွဲ ရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ၄   ဖေဖော်ဝါရီ 

 

မူးယစ်ဆေးစွဲ ရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၏ ဆေးကုသရေးလုပ်ငန်းအဖွဲ့ကိုဦးစီးဆောင် ရွက်လျက်ရှိပြီး မူးယစ်ဆေးစွဲရောဂါကုဌာနကြီးပေါင်း(၂၆)ခု၊ မူးယစ်ဆေးစွဲရောဂါကုဌာနငယ်ပေါင်း(၄၇)ခုအပါအဝင် မက်သာဒုန်းဆေးခန်းပေါင်း (၅၅)ခုကို ဖွင့်လှစ်ထားရှိပြီး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

မူးယစ်ဆေးစွဲခြင်းမှာနာတာရှည်ရောဂါအမျိုးအစားတစ်ခုဖြစ်ပြီးရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာအကြောင်းအရာများနှင့် အကျိုးဆက်များစွာရှိသည့် အလျောက် မူးယစ်ဆေးစွဲရောဂါကာကွယ်ရေးနှင့် မူးယစ်ဆေးစွဲရောဂါကုသရေး ဝန်ဆောင်မှုများကို ပိုမိုလုပ်ဆောင်ရန်လိုအပ်လျက်ရှိပြီး မူးယစ်ဆေးစွဲခြင်းအားကျန်းမာရေးပြဿနာတစ်ရပ်အဖြစ် ရှုမြင်ပေးခြင်းနည်းပါးပြီး ခွဲခြားဆက်ဆံမှုများကြောင့် ကုသမှုနှင့်အခြားဝန် ဆောင်မှုများကို လက်လှမ်းမီရန် အခက်အခဲရှိနေဆဲပင်ဖြစ်ပါကြောင်း ပြောကြားသည်။

 

အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။

 

အစည်းအဝေးကို ဖေဖော်ဝါရီလ(၅)ရက်နေ့အထိနှစ်ရက်တာကျင်းပသွားမည်ဖြစ်ပြီးမူးယစ်ဆေးကုဌာနများ၏ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးစွဲရောဂါ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းများဖွင့်လှစ်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် အစီအမံများ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိမူးယစ်ဆေးကုဌာနများ၏ Current Status, Challenges, ways forwards နှင့်  Strategic key points များ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒအသစ် (National Drug Control Policy) ကိုအခြေခံ၍ မူးယစ်ဆေးစွဲရောဂါ ကုသရေးနှင့်ပတ်သက်သော အမျိုးသားမဟာဗျူဟာမူဘောင်ကိုရေးဆွဲပြီးရှေ့ဆက်လုပ်ဆောင်မည့် နည်းဗျူဟာများကို ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။ 

 

(သတင်းစဉ်)

 

DSC_01