မူးယစ်ဆေးဝါးပြဿနာ ပြည်သူအားဖြင့်အဖြေရှာ

၂၂ အောက်တိုဘာ

 

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ မူးယစ်ဆေးဖြတ်သူများ၏ ပြန်လည်ထူထောင်ရေးစခန်းသို့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ လှူဒါန်းထားသည့် အဆောက်အအုံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ဤနှုတ်ခွန်းဆက်စကား၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မူးယစ် ဆေးဝါးစွဲသူများနှင့် မူးယစ်ဆေးဝါးပြဿနာတို့အပေါ် နိုင်ငံသူနိုင်ငံသားတို့ ထားရှိသင့်သော သဘောထားတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့ပါသည်။ 

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မူးယစ်ဆေးဝါးစွဲသူများထဲမှ လူငယ်ဖြစ်စေ၊ လူလတ်ဖြစ်စေ ပြန်လည်ထူထောင်နိုင်ရေးက ပြည်သူအားလုံးနှင့် သက်ဆိုင်နေသည်ကို ညွှန်ပြဆွေးနွေးခဲ့ပါသည်။ ပြည်သူ ဆိုရာ၌လည်း ကိုးကွယ်ယုံကြည်ရာဘာသာ၊ လူမျိုး၊ နိုင်ငံရေးအယူအဆတို့အပေါ် မူတည်ခြင်းမပြု၊ လူတိုင်းလူတိုင်းနှင့် သက်ဆိုင်နေသည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်ပါတည်း ထောက်ပြခဲ့ပါသည်။ မူးယစ်ဆေးဝါးပြဿနာကို ရင်ဆိုင်ရာ၌ ပြည်သူတို့သည် လူသားချင်း စာနာသောစိတ်အပေါ် အခြေခံလျက် မိမိ၏လူမှုဝန်းကျင် တည်ငြိမ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်းကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထပ်ဆင့်ဆွေးနွေးခဲ့ပါသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ပြသကဲ့သို့ မူးယစ်ဆေးဝါး ပြဿနာသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်ပါသည်။ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများပင် အပြီးအပြတ် မဖြေရှင်းနိုင်သော အခြေအနေမျိုး၌ ဖွံ့ဖြိုးစနိုင်ငံများအနေဖြင့် ပို၍ပို၍ခက်ခဲစွာ ရင်ဆိုင်ဖြေရှင်းရပါသည်။ ဤအချက်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အသိအမှတ်ပြု ပြောကြားခဲ့သည့် နည်းတူ မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ ပင်ကိုသဘာဝစိတ်ဓာတ်က မူးယစ်ဆေးဝါး ပြဿနာအားဖြေရှင်းရာ၌ အထောက်အပံ့ကောင်းတစ်ရပ် ဖြစ်နေသည်ကို လေးလေးနက်နက် ဆွေးနွေးခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “တစ်ဖက်က ကျွန်မတို့ပြည်သူ ပြည်သားတွေရဲ့ မျှဝေချင်တဲ့စိတ် ထက်သန်ခြင်းကြောင့် ဒီကိစ္စတွေကို ကျွန်မတို့ ကိုင်တွယ်တဲ့နေရာမှာ အားသာချက်တွေရှိပါတယ်။ အားသာချက်က ပေးချင် ကမ်းချင်တဲ့စိတ်၊ ကုသိုလ်ပြုချင်တဲ့စိတ်ပါ။ ကောင်းတဲ့အမှုတွေကို ပြုချင်တဲ့စိတ်၊ လှူဒါန်းချင်တဲ့စိတ်ပါ။ လှူဒါန်းချင်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ငွေရေးကြေးရေးအရ လှူဒါန်းတာတို့၊ ပစ္စည်းလှူတာတို့ အဲဒီဟာတွေထက်ပိုပြီး အရေးကြီး တာက ကိုယ့်ရဲ့စွမ်းအား၊ ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့မေတ္တာ၊ စေတနာတွေကို ရင်းနှီးပြီးတော့ လုပ်ပေးတာဟာ အင်မတန်မှ အရေးကြီးပါတယ်” ဟု ဆွေးနွေးပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ ဂုဏ်ယူဖွယ်စိတ်ဓာတ်ကို မီးမောင်းထိုး တင်ပြခဲ့ပါသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မူးယစ်ဆေးဝါးဖြတ်ရာ၌ မိသားစု၊မိတ်ဆွေတို့၏ နွေးထွေးဖေးမမှုက အရေးပါသည်ကို ထောက်ပြလျက် မူးယစ်ဆေးပြတ်ပြီးသူများ၏ ပြန်လည်ထူထောင်ရေးစခန်း အောင်မြင်ရေးအတွက် ပြည်သူတို့က နည်းမျိုးစုံဖြင့် ဘက်စုံပံ့ပိုးကူညီရန် လှုံ့ဆော်စည်းရုံးတင်ပြ ဆွေးနွေးခဲ့ပါသည်။ ဤပြန်လည်ထူထောင်ရေးစခန်းနှင့်ဆက်စပ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ပြည်သူလူထုကတက်တက်ကြွကြွနဲ့ ပါဝင်ပတ်သက်မှုမရှိရင် ဘယ်လုပ်ငန်းမှ မအောင်မြင်နိုင်ပါဘူး။ ဘယ်အစိုးရကမှ ပြည်သူလူထုရဲ့ ထောက်ပံ့မှုမရှိဘဲနဲ့ အောင်မြင်မှုမရနိုင်ပါဘူး။ ဘယ်လောက်ပဲ အတော်ဆုံးလူတွေနဲ့ ဖွဲ့စည်းထားတဲ့အစိုးရဖြစ်စေ ပြည်သူလူထုရဲ့ ထောက်ပံ့မှု၊ ကူညီဝိုင်းဝန်းမှုနဲ့သာ အောင်မြင်မှုရနိုင်ပါတယ်”ဟု ပြောကြားခဲ့ခြင်းသည် ဒီမိုကရေစီအသွင်ကူးပြောင်း ဖော်ဆောင်ရေး၏ နိုင်ငံရေးအနှစ်သာရကို ဖော်ကျူးလိုက်ခြင်းဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။(မြန်မာ့အလင်း)