မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တက်တက်ကြွကြွ အရှိန်အဟုန်မြှင့်တင်

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ဩဂုတ် ၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ တွေ့ဆုံမှာကြားမှု ပြုလုပ်ခဲ့သည်။ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးသည် နိုင်ငံတော်၏ အရေးကိစ္စဖြစ်သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရေး၊မူးယစ်ဆေးဝါးအမှုများ စစ်ဆေးရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ရဲကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး၊ သက်သေခံပစ္စည်းများကို ဥပဒေနှင့်အညီ သိမ်းဆည်းကြရန်နှင့် တရားရုံးအမိန့်နှင့်အညီ မြန်မြန်ဆန်ဆန် စီမံခန့်ခွဲရေးစသည်ဖြင့် အသေးစိတ် လမ်းညွှန် မှာကြားခဲ့ခြင်းဖြစ်သည်။

ယင်းနေ့ ညနေပိုင်းမှာပင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်၌ ထိုင်ဝမ်နှစ်ဦးနှင့် ၎င်းတို့၏ စကားပြန်ဖြစ်သူ မြန်မာနိုင်ငံသားတစ်ဦးတို့ကို အိုက်စ် ၇၄ ကီလို၊ တန်ဖိုးအားဖြင့် မြန်မာကျပ်ငွေ ငါးဘီလီယံကျော်ဖိုးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိခဲ့သည့် ထိုင်ဝမ်နှစ်ဦးတို့မှာ နိုင်ငံတကာမူးယစ်ဆေးဝါးဂိုဏ်းများနှင့် ဆက်စပ်မှုရှိသည်ဟု သံသယရှိသူများဖြစ်ပြီး ဩစတြေးလျပြည်ထောင်စုရဲတပ်ဖွဲ့၏ သတင်းဖလှယ်မှုဖြင့် ဖော်ထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးသည် တာချီလိတ်မြို့သို့ သွားရောက်ခဲ့ကြကြောင်း၊ အိုက်စ်မူးယစ်ဆေးဝါးများကို ကရိုင်းရှပ်များအတွင်း သိုဝှက်ထည့်သွင်းပြီး ဩစတြေးလျသို့ပေးပို့ရန် ဆောင်ရွက် ထားခြင်းဖြစ်ကြောင်းတို့ကို သတင်းများတွင် ဖတ်ရှုရသည်။ ပြီးခဲ့သည့် မတ်လ ၂၄ ရက်ကလည်း တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီး ပင်လယ်ပြင်တွင် အိုက်စ်မူးယစ်ဆေးဝါး ၃၄ ဘီလီယံကျော်ဖိုး တင်ဆောင်လာသော စက်လှေတစ်စင်းကို လှေလုပ်သားခုနစ်ဦးနှင့်အတူ တပ်မတော်(ရေ)က စစ်ဆေးဖမ်းဆီးခဲ့သည်။

အထက်ပါသတင်းများက မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်မှုလမ်းကြောင်းများ ပြောင်းလဲလာမှုနှင့် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်ဆက်နွှယ်နေသူများပါ ပြည်တွင်းသို့ ဝင်ရောက်လှုပ်ရှားလာမှုများကို ထင်ဟပ်ပြသလျက်ရှိသည်။ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများ အရှေ့တောင်အာရှဒေသတွင် လုပ်ငန်းချဲ့ထွင်လှုပ်ရှားမှုများ အန္တရာယ်အဆင့်သို့ ရောက်ရှိလာနေကြောင်း၊ ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC)က ဇူလိုင် ၁၈ ရက်တွင်ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် သတိပေးထားသည်။ မက်သာဖက်တမင်းခေါ် ဓာတုဗေဒနည်းဖြင့် ထုတ်လုပ်ထားသော မူးယစ်ဆေးဝါးရောင်းဝယ်မှု အရှေ့တောင်အာရှဈေးကွက်တွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၄ ဘီလီယံဖိုး အရောင်းအဝယ်ရှိပြီး မူးယစ်ဂိုဏ်းများ၏ အကျိုးအမြတ်များမှာလည်း ကြီးမားလှသည်ဟု သိရသည်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများတွင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများနှင့်အတူ နယ်မြေထိန်းချုပ်ထားသည့်အဖွဲ့အစည်းများ၊ တရားမဝင်လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များလည်း ပါဝင်ပတ်သက်နေသည်ဟုလည်း သတင်းအချို့က ဆိုသည်။

မူးယစ်ဆေးဝါးသယ်ဆောင်ရာလမ်းကြောင်းများမှာ ရှမ်းပြည်နယ်မှတစ်ဆင့် ပြည်တွင်းလမ်းကြောင်းကို ဖြတ်သန်း၍ မန္တလေး၊ ရန်ကုန်။ထိုမှတစ်ဆင့် ထိုင်းသို့ လည်းကောင်း၊ ပင်လယ်ရေကြောင်းမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်များဆီသို့လည်းကောင်း ရောက်ရှိသွားကြသည်။UNODC ၏ အစီရင်ခံစာအရ မူးယစ်ဆေးပြားဖမ်းဆီးရမိမှု၏ သုံးပုံတစ်ပုံသည် ရခိုင်ပြည်နယ်တွင်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်သို့တင်ပို့နေခြင်းဖြစ်သည်ဟု ပါရှိခဲ့သည်။

မက်သာဖက်တမင်း ခေါ် ဓာတုအခြေခံ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွင် မိမိတို့နိုင်ငံမှာ ကမ္ဘာအသိုင်းအဝိုင်းတွင် လက်ညှိုးထိုးစရာဖြစ်နေသော်လည်း ယင်းမူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် သုံးစွဲရသည့် ဓာတုပစ္စည်းများကို မိမိတို့နိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်းမရှိပေ။ ပြည်တွင်းရှိ တရားဥပဒေစိုးမိုးမှု အလှမ်းဝေးနေသည့် နေရာများတွင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများက လာရောက်ထုတ်လုပ်နေကြခြင်းဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းများနှင့် ချိတ်ဆက်လှုပ်ရှားနေကြခြင်းသာ ဖြစ်ဖွယ်ရှိသည်။ မည်သို့ပင်ဆိုစေ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးသည် အမျိုးသားရေး တာဝန်ဖြစ်သည့်အလျောက် ထိထိရောက်ရောက် တားဆီးနှိမ်နင်းနိုင်ရေးအတွက် တက်တက်ကြွကြွ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားကြရပါမည့် အကြောင်း။ ။

မြန်မာ့အလင်း