မြဝတီ ပြောင်းကုန်စည်ဒိုင်ကို လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ဖွင့်လှစ်နိုင်ရန် လျာထား

ရန်ကုန်၊  ၁၈  ဒီဇင်ဘာ

 

မြဝတီ ပြောင်းကုန်စည်ဒိုင်ကိုလာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ တတိယပတ်တွင် ဖွင့်လှစ်နိုင်ရန် လျာထားထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဦးမင်းခိုင် က ပြောသည်။

 

မြဝတီနယ်စပ်၌ ပြောင်းကုန်သွယ်မှုဆောင်ရွက်ရာတွင် အရောင်းအဝယ်ကိစ္စရပ်များ မှန်ကန်မှု ရှိစေရေးနှင့် ပိုမိုအဆင်ပြေ လွယ်ကူမှုရှိစေရေးတို့အတွက် ပြောင်းကုန်စည်ဒိုင်ကို ဖွင့်လှစ်မည်ဖြစ်သည်။

 

အဆိုပါ မြဝတီ ပြောင်းကုန်စည်ဒိုင်ကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ကတည်းက ဖွင့်လှစ်ရန် ပြင်ဆင်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နောက်ဆုတ်လိုက်ရကြောင်း ဦးမင်းခိုင်က ပြောသည်။

 

"ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ လေးလပိုင်း တစ်ရက်နေ့ဖွင့်မှာ၊ လူကြီးတွေရော အကုန်ချိန်းပြီးပြီ၊ ကိုဗစ် ကိစ္စကြောင့် နောက်ဆုတ်လိုက်ရတယ်၊ အခုလည်း လောလောဆယ်က ပြန်တည်ထားတယ်၊ အခုလာမယ့် တစ်လပိုင်း တတိယပတ်မတိုင်ခင်မှာ ဖွင့်မယ်၊ ဒါပေမယ့် အခုလောလောဆယ် ဒီဇင်ဘာ လကုန်အထိ ပိတ်ထားတယ်ဆိုတော့ ဘယ်လိုလုပ်ရမယ် မသိသေးဘူး၊ ဟိုဘက်မှာတော့ ဖွင့်စရာရော နေရာရော အဆင်သင့်ပဲ၊ ကျွန်တော်တို့ ဘက်က သွားရလာရမယ့်သူတွေ ကုန်စည်ဒိုင် တစ်ခု ဖွင့်ပြီဆို ကုန်သည်တွေ သွားရမယ်၊ လူကြီးတွေ လာရမယ်၊ ထိုင်းနိုင်ငံက ကုန်သည်တွေကို ဒီဘက်ကို ဖိတ်ရမယ်၊ အဲလိုအခြေအနေမျိုး ကိုဗစ်က ရှိနေလို့၊ အမှန်တော့ အခုလာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ တတိယပတ်ထဲမှာ ဖွင့်ဖို့ ကြိုးစားနေတယ်"ဟု ၎င်းက ဆက်ပြောသည်။

 

မြဝတီ ပြောင်းကုန်စည်ဒိုင်ကို လာမည့်နှစ် ဇန်နဝါရီလအတွင်း ဖွင့်လှစ်ရန် ကြိုးပမ်းခြင်းမှာ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ထိုင်းနိုင်ငံသို့ အခွန်လွတ်ဖြင့်  ပြောင်းတင်ပို့ခွင့် ရရှိတော့မည်ဖြစ်သည်။

 

ထိုင်းနိုင်ငံအနေဖြင့် မိမိတို့နိုင်ငံမှ ပြောင်းစိုက်တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်သည့်အနေဖြင့်  ပြောင်းစိုက်ရာသီတွင် ပြောင်းတင်သွင်းလိုပါက အခွန်အခတိုးမြှင့် ကောက်ခံသော်လည်း ဖေဖော်ဝါရီလမှ သြဂုတ်လအထိကို အခွန်လွတ်ဖြင့် တင်ပို့ခွင့်ပြုထားသည်။

 

ထိုင်းနိုင်ငံအနေဖြင့်လည်း နှစ်စဉ် ပြည်ပမှ ပြောင်း တန်ချိန်ငါးသန်း တင်သွင်းနေသည့် နိုင်ငံဖြစ်သည်။

 

လက်ရှိ မြန်မာ့ပြောင်းကို နယ်စပ်ကုန်သွယ်ရေးဖြင့် အဓိကတင်ပို့သည့်တရုတ်နိုင်ငံအပြင် လာအို၊ ထိုင်း စသော နိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပြီးပင်လယ်ရေကြောင်းမှ စကာ်ပူ၊ မလေးရှား၊ ဗီယက်နမ်တို့ကို  တင်ပို့နေကာ ပြောင်းတစ်တန်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၃၀ မှ ၂၄၀ ကြား ရရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ပြည်တွင်း ပြောင်းသုံးစွဲမှုမှာလည်း ယခင်နှစ်များထက် များလာသဖြင့် ယခုနှစ် ပြည်ပ ပြောင်းတင်ပို့မှုကို တန်ချိန် ၁ ဒသမ ၆ သန်းခန့် တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းထံမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်က ပြည်ပသို့ ပြောင်း တန်ချိန် ၂ ဒသမ ၂ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ကျော်ထိ ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

 

လက်ရှိ ပြောင်းကို ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးပြီး စုစုပေါင်း ပြောင်းစိုက်ဧက ခန့်မှန်းခြေ ၁ ဒသမ ၁၂ သန်းရှိကာ တစ်နှစ်လျှင်  ဆောင်းပြောင်း၊ နွေပြောင်း၊ မိုးပြောင်းဟူ၍ လေးလတစ်ကြိမ် ထွက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ပြောင်းစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၂ ဒသမ ၅ သန်းမှ သုံးသန်းကျော် ရှိသည်။

 

ငြိမ်းငြိမ်း