မြဝတီမြို့၌ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းသုံးကြိမ် တိုက်ကျွေးသွားမည်

မြဝတီ  ၇  ဇူလိုင် 

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် အသွင်းပြောင်းပိုလီယိုအကြောသေ ရောဂါပိုး တွေ့ရှိခဲ့ခြင်းကြောင့် မြဝတီမြို့နယ် အတွင်း ငါးနှစ်အောက်ကလေးငယ်တိုင်းအား ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းအား သုံးကြိမ်တိုင် တိုက်ကျွေးသွား မည်ဖြစ်ကြောင်း သိရသည်။

 

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဆင်စွယ်ကျေးရွာမှ ကလေးငယ်တစ်ဦးတွင် အသွင်းပြောင်းပိုလီယိုအကြောသေ ရောဂါပိုး တွေ့ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းဖြစ်ကြောင်း နှင့် သုံးကြိမ်လုံး တိုက်ကျွေးမှသာ ရောဂါမဖြစ်ပွားရန် ရာနှုန်းပြည့် ကာကွယ်မည်ဖြစ်သည့်အတွက် သုံးကြိမ်ပြည့်အောင် တိုက်ကျွေးနိုင်ရေး ဂရုစိုက်စေလိုပါကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နှင်းနွယ်နီအေး (တိုးချဲ့ကာကွယ်ဆေး)၏ ပြောပြချက်အရ သိရသည်။

 

ယနေ့ စတင်တိုက်ကျွေးသည့် အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို နှင့်တာဝန်ရှိသူများ မြဝတီခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်အေးမြမြကြိုင်နှင့် အဖွဲ့ဝင် များ၊ မြဝတီခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဦးနှင့် တာဝန်ရှိသူများက ကလေးငယ်များ တိုက်ကျွေးနေမှုအား ကြည့်ရှု အားပေးကြသည်။

 

ယခု တိုက်ကျွေးခြင်းသည် ပထမအကြိမ်အဖြစ် ယနေ့ ၂၀၁၉ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့မှ ၉ ရက်နေ့အထိ တိုက်ကျွေး သွားမည်ဖြစ်ပြီး ဒုတိယအကြိမ်အဖြစ် ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ၊ တတိယအကြိမ်အဖြစ် သြဂုတ်လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဆက်လက်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းကို ကရင်ပြည်နယ်တွင် ၇ မြို့နယ်၊ မွန်ပြည်နယ်တွင် ၃ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ၂ မြို့နယ်၊စုစုပေါင်း ၁၂ မြို့နယ် တွင်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း မြဝတီခရိုင်ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)