မြဝတီမြို့၌ တရားမဝင် နယ်စပ်ဖြတ်သန်း ဝင်ရောက်မှုမရှိစေရေး သောင်ရင်းမြစ်ကြောင်းတစ်လျှောက် အဖွဲ့စုံဖြင့် လိုက်လံစစ်ဆေး

မြဝတီ ၂၂ စက်တင်ဘာ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် တရားမဝင် နယ်စပ်ဖြတ်သန်းဝင်ရောက်မှု မရှိစေရေးအတွက် သောင်ရင်းမြစ်ကြောင်း တစ်လျှောက်ရှိ စက်လှေဂိတ်များကို ယနေ့ စက်တင်ဘာ ၂၂ ရက်က မြဝတီခရိုင်အတွင်းရှိ ဌာနဆိုင်ရာ ပေါင်းစုံဖြင့် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့်အတူ နယ်မြေခံတပ်မတော်နှင့် နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ထွေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစောရောဘတ်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပါဝင်သော အဖွဲ့စုံမှ လိုက်လံစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သောင်ရင်းမြစ်ကမ်း တစ်လျှောက်မှာရှိသည့် စက်လှေဂိတ်များကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီက လေလံပေးဆောင်ရွက်စေခဲ့ပြီး COVID-19 ရောဂါ စတင်ဖြစ်ပွားလာသည့်အတွက် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၉ ရက်ကတည်းက ပြေးဆွဲခွင့်အားလုံး စတင်ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသို့ ရပ်ဆိုင်းထားခဲ့ပေမယ့် ပြည်ပပြန်များအနေဖြင့် တရားမဝင်လမ်းကြောင်းများက ဝင်ရောက်လာသည်ဆိုတဲ့ သတင်းတွေအရ ယခုလို လိုက်လံစစ်ဆေးရခြင်းဖြစ်ကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ယနေ့ လိုက်လံစစ်ဆေးရာမှာ သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိ စက်လှေဂိတ်များဖြစ်သည့် ဘုရားဂိတ်၊ ဇီးတောဂိတ်၊ မိုးကုတ်ဂိတ်၊ ဘောဂိတ်၊ ဆီးဂဲဂိတ်၊ ကျောက်တန်းဂိတ်၊ သဲပုံဂိတ်၊ သဖန်းပင်ဂိတ်၊ သရက်ပင်ဂိတ်နှင့် ကျောက်ဖြာဂိတ်များကို လိုက်လံစစ်ဆေးခဲ့ပြီး ရေချထားသည့် စက်လှေများကို ကုန်းပေါ်ပြန်တင်ရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင် (ပြန်/ဆက်)