မြဝတီမြို့နှင့် လှိုင်သာယာမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၉ နိုဝင်ဘာ

 

မြဝတီမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၇ ရက် ည ၉ နာရီက မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ချစ်ကြည်ရေးလမ်းထောင့်တွင် ကာရံဒွေး(ခ)ပီတိအားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၉၀  သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ အမှတ်(၄)ရပ်ကွက်၊ ဇော်ဂျီ(၅)လမ်းနေ ကိုမျိုး(ခ)ငမျိုး၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ပြည့်ဇော်မိုးအားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၄၀ဝ ၊ နေအိမ်အနီးမှ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၆၀ ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

အလားတူ ယင်းနေ့ည ၁၁ နာရီခွဲက လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာ၊ ရာဇကုမာရ်လမ်း၊ တိုက်အမှတ်(၁၅)၊ အခန်းအမှတ်(၁၀၃)နေ လေးကျော် ၏အခန်းကိုရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ကျော်သူ၊ ဝေယံထွန်း၊ တင်ရွှေထက်နှင့် မမေဖြိုးမင်းတို့အားတွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၆,၅၇၃ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)