မြဝတီမြိုတွင် ချစ်ကြည်ရေး တံတား၂ စင်းပြန်လည်ဖွင့်လှစ်ပြီးနောက် ပုံမှန်အတိုင်း ကုန်သွယ်၊ သွားလာမှုများ စည်ကားအသက်ဝင်နေဟုဆို

ရန်ကုန် မေ ၈

မြဝတီမြိုတွင် ချစ်ကြည်ရေး တံတား၂စင်း ပြန်လည်ဖွင့်လှစ်ပြီးနောက် ပုံမှန်အတိုင်း ကုန်သွယ်၊ သွားလာမှုများ စည်ကားအသက်ဝင်နေပြီဖြစ်ကြောင်း ကုန်သည်များနှင့် ဒေသခံများထံ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

မြဝတီမြို့နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသော မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား အမှတ် ၁ ကို ဧပြီ  ၂၁ ရက်တွင် ယာယီ ပိတ်ပြီးနောက် ဧပြီ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ချစ်ကြည်ရေး တံတားအမှတ် ၂ ကို ဧပြီ ၁၁ ရက်တွင် ယာယီ ပိတ်ပြီးနောက် ဧပြီ  ၃၀ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။

"လက်ရှိအနေအထားအရ အမှတ်၂ တံတားက ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး ကုန်စည်စီးဆင်းမှုအတွက် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဇုန်ထဲက ထိုင်းဘက်မှ ကုန်စည်တွေ မြန်မာပြည်ပြည်ထဲဝင်သလို မြန်မာပြည်ထဲမှ ကုန်စည်တွေလည်း ထိုင်းဘက်ဆီဝင်နေတဲ့ အနေအထား တွေ့ရတယ်။ ကုန်စည်စီးဆင်းမှုအနေနဲ့ အခုလက်ရှိမှာတော့ ပုံမှန်အနေအထားကိုပြန်ရောက်နေပြီ လို့တော့ပြောလို့ရပါတယ်။ လက်ရှိမှာ မြဝတီမြိုပေါ်အနေ အထားကတော့ အရင်အတိုင်းပဲ တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်အနေအထားပြန်ဖြစ်နေပြီ" ဟု အလင်းသစ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

မြဝတီဒေသခံတစ်ဦးကလည်း တံတားများပြန်လည်ဖွင့်လှစ်ပြီးနောက် မြဝတီမြို၌ ပုံမှန်ကုန်သွယ်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားသည်။

."လက်ရှိကုန်သွယ်မှုအနေနဲ့ကတော့ တံတားဖွင့်ပြီးတော့ အခုက ပုံမှန်တော့ ပြန်ဖြစ်နေကြပါပြီ။ ပြည်မကိုသွားနေတာလည်း လမ်းကြောင်းအနေနဲ့ကလည်း အာရှလမ်းမကြီးပိတ်ထားတော့  ဒီလိုပုံစံမျိုး တခြားလမ်းက သွားနေတာက ၅လလောက်တော့ ရှိနေပြီဆိုတော့ ပုံမှန်တော့ဖြစ်သွားပါပြီ" ဟု ၎င်းကဆိုသည်။

လက်ရှိကုန်သွယ်ရာတွင် အဆင်ပြေသည့် လမ်းကြောင်းကိုသာ အသုံးပြုနေသည့် အတွက် ကုန်စည် ကြန့်ကြာခြင်းနှင့် သယ်ယူစရိတ် များပြားခြင်းတို့ ရှိနေသော်လည်း မကြာမီတွင် အဆင်ပြေသွားမည်ဟု မျှော်လင့်နေကြကြောင်းလည်း အထက်ပါ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုသည်။

MT