မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာ လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ၉၀ ရာခိုင်နှုန်းပြီးစီး

မယ်စဲ့ ၇ မေ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာတွင် ဒေသခံပြည်သူများ၏ စိုက်ပျိုးသီးနှံထွက်ကုန်များ ဈေးကွက်သို့လျင်မြန်သွက်လက်စွာ တင်ပို့နိုင်ရေးအတွက် မယ်စဲ့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာကုန်ထုတ်လမ်းနှင့် အဆိုပါလမ်းပေါ်တွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးစောဇံ(နည်းပညာ)၊ ဘောလခဲခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်သန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၅၀.၁၅၈ သန်းဖြင့် ကုန်ထုတ်လမ်းအရှည်(၂/၄မိုင်)၊ မြေလွှာ ၁၇ ပေ၊ အမြင့် ၂ ပေပေါ်၌ ကျောက်ရောမြေ ၉ လက်မခင်းခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် (၂၀X၆X၅)ပေ Box Culvert  ရှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို မာလာဖူးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း၊ လုပ်ငန်းများအချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။

 

လယ်ယာကုန်ထုတ်လမ်းဖောက်လုပ်ပြီးစီးပါက ပန်တိန်းကျေးရွာရှိ အိမ်ခြေ(၂၁၂)၊ လူဦးရေ (၇၄၇)ဦးတို့၏ ဒေသထွက်ကုန်များ ရာသီမရွေး ဈေးကွက်သို့အချိန်ကုန်သက်သာစွာ တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)