မယ်စဲ့မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ပြည်သူများထံ ချပြရှင်းလင်းဆွေးနွေး

မယ်စဲ့  ၈ အောက်တိုဘာ  

 

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများထံ ချပြရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာ ၇ ရက် ည ၇ နာရီက မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

 

၇

 

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုင်းပွန်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခြင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်လိုသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား အဆိုပြုတင်ပြရန် ဆွေးနွေးခဲ့သည်။

 

ထို့နောက် တက်ရောက်လာသော မြို့မိမြို့ဖများ၊ ပြည်သူများက သိလိုသည်များကို မေးမြန်း ဆွေးနွေးပြီး လိုအပ်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တင်ပြဆွေးနွေးရာ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုင်းပွန်းတို့က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ ဆွေးနွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)