မယ်စဲ့မြို့နယ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ

မယ်စဲ့၊ ၂၀ ဒီဇင်ဘာ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလင်းလင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက် မြေသားလမ်းသည် အရှည် (၁၀/၄)မိုင်ရှိပြီး ယခုဘဏ္ဍာနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေ ကျပ် ၁၁၄ ဒသမ ၉၃၂ သန်းဖြင့် မြင်စိုင်းရွှေပြည်ကုမ္ပဏီက အဆိုပါလမ်းပေါ်တွင် အရှည်(၃/၀)မိုင် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေး လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်းဖြစ်သည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ပြည်မနှင့် ပြည်နယ်များ အကြားအလပ်မရှိ ဟန်ချက်ညီညီ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နယ်စပ်ဒေသများရှိ တိုင်းရင်းသားပြည်သူများ၏ အခြေခံလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ ဟိုဂျစ်-တောင်လှ ကျေးရွာချင်းဆက်လမ်းပေါ်တွင် ဗြုန်းကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက နယ်စပ်အစွန်အဖျားရှိ ကျေးရွာပြည်သူများအတွက် သွားလာရေး လွယ်ကူချောမွေ့မည်ဖြစ်ကြောင်း သိရသည်။

 

စိုင်းလျှမ်း(ပြန်/ဆက်)