MyCO သို့မဟုတ် မြန်မာပြည်၏ ပထမဆုံး အွန်လိုင်းမှတ်ပုံတင်စနစ်

မောင်ဋီကာ

DICA  လို့အများက ခေါ်ကြတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဝန်ထမ်းတွေရဲ့ ကြိုးပမ်းဆောင်ရွက်မှုနဲ့ မြန်မာပြည်မှာ ပထမဆုံး e-Government အစီအစဉ်အဖြစ် ကုမ္ပဏီအွန်လိုင်း မှတ်ပုံတင်စနစ် (Myanmar Companies Online MyCO) ကို ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့က စတင်ကျင့်သုံးနိုင်ခဲ့ပါတယ်။ MyCO စတင်ကျင့်သုံးပြီး နောက်ပိုင်းမှာ ကုမ္ပဏီမှတ်ပုံတင်လုပ်ငန်းတွေ လွယ်လွန်းလို့၊ မြန်လွန်းလို့ ဟုတ်မှဟုတ်ပါ့မလားလို့တောင် ထင်ရတယ်လို့ ပုဂ္ဂလိကစီးပွားရေး အသိုက် အဝန်းက ချီးမွမ်းထောမနာပြုခဲ့ကြပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ MyCO ဆိုတာ တစ်ရက်မှာ ၂၄ နာရီ၊ တစ်ပတ်မှာ ၇ ရက် ကမ္ဘာ့နေရာ အသီးသီးကနေ ကြိုက်တဲ့အချိန် ကုမ္ပဏီမှတ်ပုံတင် တင်နိုင်တဲ့စနစ်တစ်ခုပါ။ တစ်နည်းအားဖြင့် ပြောရရင်တော့ စိတ်ဝင်စားရင် တစ်ရေးနိုးထပြီး မှတ်ပုံတင်လို့ရအောင် လုပ်ထားတာပါ။

 

MyCO ဆိုတာ အစိုးရရဲ့ဝန်ဆောင်မှုကို အွန်လိုင်းက အပြည့်အဝပေးနိုင်အောင် ပထမဆုံး ဆောင်ရွက်ခဲ့တဲ့ စနစ်ပါ။ ကုမ္ပဏီမှတ်ပုံတင်တာတွေ၊ ကုမ္ပဏီသတင်း အချက်အလက် ရှာဖွေတာတွေကို ရုံးကို လာဖို့မလို အောင် ဆောင်ရွက်ထားရုံသာမက ကုမ္ပဏီများအနေနဲ့ ကုမ္ပဏီမှတ်ပုံတင်ရုံးကို ဆက်သွယ်ဆောင်ရွက်ဖို့ လိုအပ်တဲ့ကိစ္စတွေ၊ ကုမ္ပဏီဆိုင်ရာ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ကုမ္ပဏီမှတ်ပုံတင်ရုံးကို ပေးသွင်းရမယ့် အခကြေးငွေအားလုံးကိုလည်း လူလာစရာမလိုဘဲ အွန်လိုင်းက လုပ်နိုင်အောင် စီစဉ်ထားတာပါ။ MyCO မှာ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ အလုပ်လုပ်လို့ရပါ တယ်။ တကယ်တော့ MyCO ဟာ မြန်မာပြည်အတွက် e-Government အစီအစဉ်ကဏ္ဍသစ်ကို ဖွင့်လှစ်လိုက်တာပါ။

 

MyCO မှာ ဘာတွေလုပ်လို့ရသလဲ

 

ကုမ္ပဏီအသစ် မှတ်ပုံတင်တာတွေ၊ ကုမ္ပဏီ အဟောင်းတွေ ပြန်လည်မှတ်ပုံတင်တာတွေ၊ ကုမ္ပဏီတွေရဲ့ အပြောင်းအလဲ ဆောင်ရွက်လိုတာတွေ၊ ကုမ္ပဏီမှတ်ပုံ တင်ရုံးကို ပြန်တမ်းပို့တာတွေ၊ ကုမ္ပဏီဝန်ဆောင်ခ ပေးသွင်းတာတွေ အားလုံးကို www.myco.dica.gov.mm  မှာ အလွယ်တကူ လုပ်လို့ရပါတယ်။ အသုံးပြုသူ တွေဟာ မိမိသိလိုတဲ့ ကုမ္ပဏီတစ်ခုရဲ့ အချက်အလက် တွေကို MyCO မှာ ရှာဖွေနိုင်ရုံသာမက ကုမ္ပဏီအကျဉ်း ချုပ် (Company Extract) လို့ခေါ်တဲ့ ကုမ္ပဏီဒါရိုက်တာ နဲ့ ပတ်သက်တာတွေ၊ ရှယ်ယာတွေနဲ့ပတ်သက်တာတွေ စတဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း မြန်မာငွေကျပ် တစ်သောင်းကို အွန်လိုင်းကသွင်းပြီး ဝယ်ယူနိုင် ပါသေးတယ်။

 

MyCOကို ဘယ်သူတွေ သုံးနိုင်သလဲ

 

လူသားအားလုံး သုံးလို့ရပါတယ်။ မည်သူမဆို ကုမ္ပဏီများနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို အွန်လိုင်းမှာ အခမဲ့ရယူနိုင်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေ၊ ဥပဒေပညာရှင်တွေ၊ ကုမ္ပဏီဝန်ထမ်းတွေ စတဲ့ အခြား အသုံးပြုသူတွေအနေနဲ့ကတော့ MyCO မှာ ဝန်ဆောင်မှု ကျယ်ပြန့်စွာရယူလိုရင် စာရင်း (Account) တစ်ခု ဖွင့်ထားဖို့လိုပါတယ်။

 

စာရင်း (Account)  ဘယ်လိုဖွင့်မလဲ

 

မည်သူမဆို MyCO မှာ အခမဲ့ စာရင်းဖွင့်နိုင်ပါတယ်။ စာရင်းဖွင့်ဖို့ မိနစ်အနည်းငယ်ပဲ ကြာပါတယ်။ ဘယ်လို ဖွင့်ရမှာလဲလို့ မေးခဲ့ရင်တော့ –

အဆင့် (၁) www.myco.dica.gov.mm  ကို ဝင်ရောက်ပါ။ ပြီးရင် “စာရင်းအသစ်ဖွင့်ရန်” (Create an account) ဆိုတဲ့နေရာမှာ ကလစ်နှိပ် လိုက်ပါ။

 

အဆင့် (၂) အဲဒီလိုနှိပ်ပြီးရင် အမည်၊ လိပ်စာ၊ ဖုန်း ဆင့် (၂) နံပါတ်၊ အီးမေးလ်စတဲ့ လိုအပ်တဲ့ အချက်အလက် တွေကို ဖြည့်လိုက်ပါ။ ဂရုပြုဖို့ကတော့ အီးမေးလ် မရှိလို့၊ မဖြည့်လို့ မရပါဘူး။ ပြီးရင်တော့ MyCO ကို အသုံးပြုတဲ့အတွက် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့ သဘောတူကြောင်း အမှတ်အသား ပြထားတဲ့နေရာမှာ ကလစ်နှိပ်လိုက်ပါ။ ပြီးရင်တော့ နောက်တစ်ခါ MyCO ကို ဝင်ရောက်တဲ့အခါ ကိုယ်အသုံးပြုလိုတဲ့ ID နဲ့ စကားဝှက် (password) ကို ရွေးချယ်လိုက်ပါ။ စကားဝှက်ကတော့ အနည်းဆုံး စာလုံးခြောက်လုံးရှိ ဖို့ လိုပါတယ်။ အသေးစိတ် အားလုံးဖြည့်သွင်းပြီးတဲ့ အခါ “သိမ်းဆည်းသည်” (save) ကို ခလုပ်နှိပ်လိုက်ရင် စာရင်းအသစ်ဖွင့်လှစ်ခြင်း ပြီးမြောက်ပြီဖြစ်ပါတယ်။ ခဏနေရင် ကိုယ်ရဲ့အီးမေးလ်ထဲကို စာရင်းအသစ်ကို အတည်ပြုကြောင်း အကြောင်းကြားစာ ရောက်လာပါလိမ့်မယ်။ မှတ်သားဖို့ အချက်ကတော့ သုံးစွဲသူအများအပြား သုံးလို့ရမယ့် “စီးပွားရေး လုပ်ငန်းသုံးစာရင်း”ကိုလည်း စာရင်းအသစ်ရပြီးတဲ့ အခါမှာ ဖွင့်လို့ရပါတယ်။

 

MyCOကို ဘယ်လိုသုံးမလဲ

 

လွယ်လွယ်လေးပါ။ အောက်ကအဆင့်တွေအတိုင်း လုပ်ကြည့်လိုက်ပါ –

 

အဆင့်(၁) စာရင်းဖွင့်ပြီးရင် MyCO မူလစာမျက်နှာရဲ့ထိပ်မှာရှိတဲ့ “ဝင်ရောက်ရန်” (Log in) နေရာ မှာ ကလစ်နှိပ်ပြီး ကိုယ့် ID နဲ့ password  ရိုက်ထည့် လိုက်ပါ။

 

အဆင့်(၂) ပြီးရင် ကုမ္ပဏီအသစ်ကို မှတ်ပုံတင်ချင်တာလား၊ ဒါမှမဟုတ် လက်ရှိကုမ္ပဏီကို ပြန်ပြီး မှတ်ပုံတင်ချင်တာလား၊ ဒါမှမဟုတ် ကုမ္ပဏီရဲ့ အချက်အလက်တွေကို အပြောင်းအလဲ လုပ်ချင်တာလား၊ အားလုံးကို သက်ဆိုင်ရာ Link မှာ ကလစ်နှိပ်ပြီး လုပ်လို့ရပါပြီ။ Company Extract ဝယ်ချင်ရင်တော့ “ကုမ္ပဏီများရှာဖွေရန်” (Company Search) ဆိုတဲ့ နေရာမှာ မိမိသိချင်တဲ့ ကုမ္ပဏီအမည်ကို ရိုက်ထည့် လိုက်ရုံပါပဲ။ အဲဒီလိုရိုက်လိုက်လို့ Company Profile ပေါ်လာတဲ့အခါ “အချက်အလက်များ မှာယူခြင်း” (Order Documents) ကို ကလစ်နှိပ် လိုက်ရင်ရပါပြီ။

 

အဆင့်(၃) အဆင့် (၂) ပြီးသွားရင်တော့ ဝန်ဆောင်ခ ပေးရမယ့်အချိန် ရောက်ပါပြီ။ MyCO မှာ Credit Card/ Debit Card/MPU  အားလုံးသုံးလို့ရပါတယ်။ တစ်နည်းအားဖြင့် Visa / Master စတာတွေ အလွယ်တကူသုံးနိုင်ပါတယ်။ မကြာခဏသုံးမယ့် ပုဂ္ဂိုလ်တွေက MyCO မှာ ကြိုတင်ငွေ သွင်းထားလို့လည်း ရပါသေးတယ်။ ကြိုတင်ငွေသွင်းထားတဲ့ အသုံးပြုသူတွေကတော့ တစ်ကြိမ်သွင်းပြီးရင် Card ထပ်သုံးစရာမလိုဘဲ ကြိုတင်ငွေ မကုန်မချင်း ဝန်ဆောင်မှုတွေ ရယူနိုင်ပါတယ်။

 

ကုမ္ပဏီ၏ အခွင့်အာဏာ (Authority) ဆိုတာဘာလဲ

 

MyCO ကတစ်ဆင့် ကုမ္ပဏီတစ်ခုဟာ ကုမ္ပဏီမှတ်ပုံတင်ရုံးကို မိမိကုမ္ပဏီကိစ္စ ဆက်သွယ်ဆောင်ရွက်တဲ့အခါ “ကုမ္ပဏီ၏ အခွင့်အာဏာ” (Company Authority) ရှိရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ရတဲ့အကြောင်းကတော့ အခွင့်အာဏာ မရှိတဲ့သူတွေက MyCO ကိုသုံးပြီး ကုမ္ပဏီရဲ့ အရေးကိစ္စတွေကို ဝင်ရောက်ဆောင်ရွက်တာ မလုပ်နိုင်အောင် ကာကွယ်ထားတာပါ။ MyCO မှာ မှတ်ပုံတင်သူအားလုံး “ကုမ္ပဏီ၏အခွင့်အာဏာ”ကို အလိုအလျောက် ရရှိမှာဖြစ်ပါတယ်။ အဲဒီအခွင့်အာဏာ ရရှိသူမှသာ MyCO မှာ မိမိကုမ္ပဏီရေးရာကိစ္စတွေ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီမှတ်ပုံတင်စဉ်မှာ အီးမေးလ် ဖော်ပြထားတဲ့ ဒါရိုက်တာတွေထံ “ကုမ္ပဏီ၏ အခွင့်အာဏာ” ကို အလိုအလျောက်ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဒါရိုက်တာတွေဟာ အဆိုပါအခွင့်အာဏာကို အခြားသူအား ပေးအပ်လို့၊ ဒါမှမဟုတ် ပေးထားပြီးသားကို ပြန်လည်ရုပ်သိမ်းလို့လည်း ရပါတယ်။

 

မကြာခဏမေးကြတဲ့မေးခွန်းတွေ ကြာခဏမေးကြတဲ့မေးခွန်းတွေ MyCOမှာ အီးမေးလ်လိုအပ်သလား

 

MyCO မှာ စာရင်းဖွင့်သူအားလုံး အီးမေးလ်ရှိဖို့လိုပါ တယ်။ ဒါပေမယ့် MyCO ကို ဝင်ကြည့်ရုံသက်သက် ဆိုရင်တော့ အီးမေးလ်မလိုပါ။

 

IDနဲ့ Password ပျောက်သွားရင် ဘာလုပ်ရမလဲ

 

ကျေးဇူးပြုပြီး www.myco.dica.gov.mm ကို ပြန်သွားပြီး Log in ဝင်ပါ။ အဲဒီအချိန်မှာ “သင် Log in နဲ့  Password  မေ့နေပြီလား” ဆိုတဲ့ မေးခွန်း တွေ့ပါလိမ့်မယ်။ အဲဒီမှာ ပေးထားတဲ့ Link အတိုင်း လိုက်ပါသွားလိုက်ပါ။ သင့်အီးမေးလ်မှာ ဘာဆက်လုပ် ရမလဲဆိုတာ အကြောင်းကြားလာပါလိမ့်မယ်။

 

ကုမ္ပဏီတစ်ခုနဲ့ စီးပွားရေးလုပ်ချင်ပါတယ်၊ အဲဒီ ကုမ္ပဏီတစ်ခုနဲ့ စီးပွားရေးလုပ်ချင်ပါတယ်၊ အဲဒီ ကုမ္ပဏီအခြေအနေ အသေးစိတ်ကို MyCO မှာ ဘယ်လိုရှာနိုင်ပါသလဲ

 

MyCO ထဲက “ကုမ္ပဏီများရှာဖွေရန်”( Company Search)) ကို ကလစ်နှိပ်ပြီးသုံးပါ။ ကုမ္ပဏီတစ်ခု ရဲ့ မှတ်ပုံတင်ရာဇဝင် (Filing History)၊ လိပ်စာ၊ ဒါရိုက်တာအမည် စတာတွေကို အခမဲ့ကြည့်လို့ ရပါတယ်။ အသေးစိတ်သိချင်ရင်တော့ Company Extract ကို ကုမ္ပဏီတစ်ခု ကျပ်တစ်သောင်းနှုန်းနဲ့ အွန်လိုင်းက ပေးချေဝယ်ယူ ကြည့်ရှုနိုင်ပါတယ်။

 

ကုမ္ပဏီရဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့ ကိုယ့်ကုမ္ပဏီရဲ့ အသေးစိတ် အချက်အလက်တွေကို ဘယ်လို ကြည့်လို့ရမလဲ၊ ပုံစံတွေကို MyCOမှာ ဘယ်လိုတင်နိုင်မလဲ

 

ကိုယ့်မှာရှိပြီးဖြစ်တဲ့ ကုမ္ပဏီ၏ အခွင့်အာဏာ (Company Authority) ကိုသုံးပြီး ကုမ္ပဏီရဲ့ အသေးစိတ် အချက်အလက် ကြည့်ရှုတာတွေ၊ ကုမ္ပဏီရေးရာ ကိစ္စတွေအားလုံးကို ဆောင်ရွက်လို့ရပါတယ်။

 

မိမိကုမ္ပဏီရဲ့ “ကုမ္ပဏီ၏အခွင့်အာဏာ” ဘယ်သူတွေဆီမှာ ရှိနေသလဲ သိလိုပါတယ်

 

MyCO ကို ဝင်ရောက်ပြီး ကိုယ့်ကုမ္ပဏီရဲ့အမည်ကို ရှာလိုက်ပါ။ Company Profi le စာမျက်နှာမှာ “ကုမ္ပဏီ၏ အခွင့်အာဏာ” (Company Authority) အစိမ်းရောင်အကွက်ကို ကလစ်နှိပ်လိုက်ရင် ဘယ်သူ တွေဆီမှာ Authority တွေရှိနေတယ်ဆိုတာ တွေ့ပါလိမ့်မယ်။

 

တစ်ယောက်ယောက်ဆီမှာ ရှိနေတဲ့ “ကုမ္ပဏီ၏ အခွင့်အာဏာ”ကို ဘယ်လို ဖျက်လို့ရလဲ

 

MyCO ကိုဝင်ရောက်ပြီး Company Authority  ထဲမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေထဲက ကုမ္ပဏီနဲ့ မသက်ဆိုင်တဲ့သူ (သို့မဟုတ်) ဒါရိုက်တာမဟုတ်တဲ့သူ ရှိနေခဲ့ရင် အဲဒီအကွက်ထဲမှာရှိနေတဲ့ Revoke ဆိုတဲ့ နေရာမှာ ကလစ်နှိပ်လိုက်ရုံပါပဲ။ MyCO မှာ တော်တော်လေး လွယ်အောင်၊ ရှင်းအောင် လုပ်ထားပါတယ်။ တစ်နည်းအားဖြင့် အသုံးပြုသူတွေ အကျွမ်းတဝင်ရှိအောင် စီမံထားပါတယ်။ လုပ်ရင်းကိုင်ရင်းနဲ့ အခက်အခဲပေါ်လာရင်၊ နားမလည် တာရှိလာရင် DICA ဝန်ထမ်းတွေထံဖုန်း၊ Messenger၊ DICA Facebook  က ဆက်သွယ်မေးမြန်းနိုင်တဲ့အပြင် DICA Website ရဲ့ Q&A မှာလည်း ဝင်မေးလို့ရပါတယ်။ ထပ်ပြောချင်တာက ကိုယ့်အိမ်၊ ကိုယ့်ရုံးမှာလုပ်လို့ အဆင်မပြေခဲ့ရင် ရန်ကုန်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှာရှိနေတဲ့ DICA ရုံးတွေမှာ ထားရှိပေးတဲ့ Kiosk လို့ခေါ်တဲ့ အများပြည်သူသုံး ကွန်ပျူတာတွေမှာ ရုံးချိန်အတွင်းလာပြီး ဆောင်ရွက်မယ်ဆိုရင် DICA ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါတယ်။

 

ကြေးမုံ