နာဂစ်ဆိုင်ကလုန်းမုန်တိုင်း (၁၀)နှစ်ပြည့်ကာလနှင့် အရှေ့တောင်အာရှဒေသအတွင်း လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများအား ပုံစံသစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်ညီလာခံသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်

နေပြည်တော် ၈ နိုဝင်ဘာ
 
 
စင်ကာပူနိုင်ငံ Hotel Jen Tanglin Singapore တွင် ကျင်းပသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း (၁၀)နှစ်ပြည့်ကာလနှင့် အရှေ့တောင်အာရှဒေသအတွင်း လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများအား ပုံစံသစ်ဖြင့် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်ညီလာခံသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်၍ မိန့််ခွန်းပြောကြားသည်။
 
 
ညီလာခံ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀ဝ၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံအတွက် တန်ဖိုးမဖြတ်နိုင်သော သင်ခန်းစာများရရှိခဲ့ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ အထူးသဖြင့် အာဆီယံနိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို ပြသသော AHA Centre (ASEAN Coordinating Centre For Humanitarian Assistance on Disaster Management) ပေါ်ပေါက်လာပြီး ဘေးအန္တရာယ်ကြုံတွေ့ပါက အာဆီယံနိုင်ငံများ ပူးပေါင်းတုံ့ပြန်နိုင်သည့် ASEAN-ERAT (ASEAN- Emergency Response and Assessment Team)ကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ ယခုအခါ ကမ္ဘာနိုင်ငံများတွင် သဘာဝဘေးသာမက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတို့နှင့်ပတ်သတ်ပြီး ပဋိပက္ခများ၊ ဘေးဒုက္ခများ ကြုံတွေ့နေရကြောင်း၊ ရခိုင်အရေးနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး ပြည်ထောင်စုစီမံကိန်း (UEHRD) ကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ 
 
 
UEHRD သည် ပုဂ္ဂလိက၊ အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ အတူတကွ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဖြစ်စဉ်များတွင် ထိရောက်သော တုံ့ပြန်မှုများကို ပူးပေါင်းဆောင်ရွက်ရန် မှန်ကန်သောနည်းလမ်းများကို ရွေးချယ်ရမည်ဖြစ်ကြောင်း၊ 
 
 
ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသူများကို ပြန်လည်လက်ခံရေးတွင် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်များ ချမှတ်ထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် နည်းလမ်းများကို ဖော်ထုတ်ထားရှိပြီး ဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံအသီးသီး၏ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများတွင် ချိတ်ဆက် အကောင်အထည်ဖေါ်ခြင်းဖြင့် ရခိုင်ဒေသတွင် တည်ငြိမ်အေးချမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
 
 
အဆိုပါ ညီလာခံသို့ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဆွီဒင်နိုင်ငံသံရုံးနှင့် ဖင်လန်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ နန့်ယန်တက္ကသိုလ်မှ ပါမောက္ခများနှင့် သုတေသနအရာရှိများ၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ညီလာခံကို နိုဝင်ဘာ ၈ ရက်မှ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ 
 
 
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဖင်လန်နိုင်ငံသမ္မတဟောင်း H.E. TARJA HALONEN နှင့် စင်ကာပူနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး H.E. Paula Parviainen တို့က တည်ခင်းဧည့်ခံသော နေ့လယ်စာကို စင်ကာပူနိုင်ငံဆိုင်ရာ ဆွီဒင်သံအမတ်ကြီး Mr. Niclas Kvamstrom၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ စေ့စပ်ညှိနှိုင်းရေးဆိုင်ရာ အကြံပေးအဖွဲ့ဝင် Dr. Noeleen Heyzer တို့နှင့်အတူ တက်ရောက်သည်။
 
 
ထို့နောက် ညီလာခံတွင် ဆက်လက်ကျင်းပလျက်ရှိသော မျက်မှောက်ခေတ် ရှုပ်ထွေးသော ပြဿနာအခြေအနေများနှင့် လူသားချင်း စာနာမှုအကူအညီပေးရေး အတွေ့အကြုံများ ကဏ္ဍဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ 
 
 
(သတင်းစဉ်)