နာဂဒေသ လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ ကျင်းပ

လဟယ် ၁၉ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ မတ်လ ၁၈ ရက် နံနက် ၁၀ နာရီအချိန် လဟယ်မြို့ ကျေးလက်ရုံး၌ ကျင်းပပြုလုပ်ပါသည်။

 

အဆိုပါအခမ်းအနားသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကေဆိုင်းနှင့် ဦးစီးအဖွဲ့အလုပ်အမှုဆောင် ဦးလော်ယုံ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်၊ တိုင်းကျေး/ လက်ဦးစီးမှူး ဦးဝင်းကျော်မျိုး (ညွှန်ကြားရေးမှူး) နာဂဒေသကျေး/လက်ဦးစီးမှူး ဦးအောင်မြင့်သန်း(ဒုတိယညွှန်ကြားရေးမှူး)၊ လဟယ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းဌေးနှင့် အဖွဲ့ဝင်များ၊ နာဂဒေသရှိ မြို့နယ်ကျေးလက်ဦးစီးမှူးများ ဌာနဆိုင်ရာများ တက်ရောက်ပါသည်။

 

ရှေးဦးစွာ လဟယ်မြို့နယ်ကျေးလက်ဦးစီးမှူး ဦးခေါင်းပေါ့မှ ရုံးသစ်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို ရှင်းလင်းတင်ပြပါသည်။

 

ထို့နောက် လဟယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသစ်ကို နာဂဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်း၊ နာဂဦးစီးအလုပ်အမှုဆောင် ဦးလော်ယုံ၊ တိုင်းကျေး/လက်ဦးစီးမှူး ဦးဝင်းကျော်မျိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က လဟယ်ကျေးလက် ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရေးများဖြင့် ပတ်ဖြန်းပေးပါသည်။ ယင်းနောက် တက်ရောက်ချီးမြှင့်ပေးကြသော လူကြီးများက ရုံးသစ်အား လှည့်လည်ကြည့်ရှုကာ အခမ်းအနားကို နံနက် ၁၀ နာရီအချိန် အောင်မြင်စွာပြီးစီး ခဲ့ပါသည်။

 

အဆိုပါရုံးအဆောက်အဦးကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခွင့်ပြုရန်ပုံငွေကျပ်သန်း (၈၇.၃၂) ဖြင့်ဆောက်လုပ်ခဲ့ပြီး အလျား ၆၄’×အနံ ၆၄’ အမြင့် ၁၂’ (RC) အုပ်ညှပ် (၁) ထပ်အမျိုးအစားဖြစ်ကြောင်း လဟယ် (ပြန်/ဆက်)မှ သတင်းရရှိသည်။

 

MDN