နာမည်ပျက်မှတ်တမ်းရှိသည့် ရဲတပ်ဖွဲ့ဝင်များကို ရာထူးမှ အနားပေး

မနီလာ ၈ ဩဂုတ် 

ဖိလစ်ပိုင်သမ္မတ ဒူတာတေး ရာထူးတင်တာဝန်ယူချိန်မှစကာ နာမည်ပျက် မှတ်တမ်းရှိသည့် ရဲတပ်ဖွဲ့ဝင်ပေါင်း ၂၀ဝဝကျော်ကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း ဩဂုတ် ၆ ရက်က ဖိလစ်ပိုင်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဟာရီရော့ကပြောခဲ့သည်။

၂၀၁၆ ခုနှစ် ဇူလိုင်လမှ ၂၀၁၈ ခုနှစ်ဇူလိုင်လအထိ ဖိလစ်ပိုင်နိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်ပေါင်း ၆၄၀၁ ဦးကို စုံစမ်း စစ်ဆေးခဲ့ပြီး အတိုင်းအတာမတူညီသည့် ပြစ်ဒဏ်များပေးခဲ့ကြောင်း၊ ၄င်းတို့အနက် ၂၁၈၁ ဦးအား ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း၊ ထုတ်ပယ်ခံရသည့်ရဲတပ်ဖွဲ့ဝင်များမှာ ဆိုးရွားစွာ စည်းကမ်းချိုးဖောက်ခြင်းကြောင့်ဖြစ်ပြီး ကျန် ၃၅၃ ဦးမှာ မူးယစ်ဆေးဝါးနှင့် ဒုစရိုက်မှုတွင် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဟာရီရော့က ပြောခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် ၂၀၁၆ ခုနှစ် စတင်တာဝန်ထမ်းဆောင်ချိန်မှစကာ မူးယစ်ဆေးဝါးတိုက်ဖျက် သည့် မူဝါဒအား ပြင်းထန်စွာ တွန်းအားပေး ဆောင်ရွက်ခဲ့သည်။

သို့သော်လည်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့ အတွင်း အဂတိလိုက်စားမှုများစွာဖြစ်ပွားနေပြီး အချို့ရဲတပ်ဖွဲ့ဝင်များက ဒုစရိုက်မှုများတွင် ပူးပေါင်းပါဝင်ခဲ့သောကြောင့် ဖိလစ်ပိုင်နိုင်ငံအစိုးရအား များစွာဖိအားဖြစ်စေခဲ့သည်။

၂၀၁၇ခုနှစ်တွင် နာမည်ပျက်စာရင်း၌ ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ၃၀ဝ ခန့်အား ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း အကြမ်းဖက်သမားများ တက်ကြွစွာလှုပ်ရှားသည့်ဒေသတွင် တာဝန်ထမ်းဆောင်ရန်စေလွှတ်ခဲ့သည်။

ရဲတပ်ဖွဲ့ဝင်ဝတ်စုံ ဝတ်ဆင်ထားသည့် မည်သည့်ရဲတပ်ဖွဲ့ဝင်မဆို မူးယစ်ဆေးဝါးအမှုနှင့် လူသတ်မှုများတွင် ပါဝင်ခဲ့ပါက မိမိ တိုက်ခိုက်သည့်ပစ်မှတ်ဖြစ်လာမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ မပြုလုပ်ပါက ဖိလစ်ပိုင်နိုင်ငံတွင် ငြိမ်းချမ်းမှုရရှိတော့မည်မဟုတ်ကြောင်း မကြာသေးမီက ပြောကြားခဲ့သော မိန့်ခွန်းတွင် ဖိလစ်ပိုင် သမ္မတ ဒူတာတေးက ပြောခဲ့သည်။ 

ဆင်ဟွာ