နွားနို့ခဲ ခရမ်းချဉ်သီး အညာချက်

၂၂ စက်တင်ဘာ 

 

နွားနို့ခဲဆိုတာ အထက်အညာဒေသက အညာသူအညာသားတွေ နှစ်ခြိုက်စွာ အညာစာတစ်မျိုးပါ။ အညာဘက်မှာက နွားမွေး၊ ဆိတ်မွေးသူတွေ များကြတော့ နွားနို့၊ ဆိတ်နို့တွေ လှိုင်လှိုင်ပေါတယ်လို့ ဆိုရမှာပါ။ 

 

နွားနို့ကို စားသုံးရာမှာ ကျိုပြီး နို့အေး၊ နို့ပူ အဖြစ်လည်းကောင်း၊ လက်ဖက်ရည်၊ ကော်ဖီများတွင် ဖျော်၍ လည်းကောင်း သောက်သုံးကြသလို နို့ဆီ၊ နို့ခဲ၊ ထောပတ်၊ ဒိန်ချဉ်အဖြစ်လည်း ဖန်တီးပြီး အမျိုးမျိုး စားသုံးကြပါသေးတယ်။

 

ဒီအထဲမှာ ထူးခြားတာကတော့ အထက်အညာဘက်မှာက နွားနို့ကို မရိုးစေးနဲ့ခဲပြီး လုပ်ရတဲ့ နို့ခဲကို ဟင်းလျာအဖြစ်လည်းကောင်း၊ သရေစာအဖြစ်လည်းကောင်း နှစ်နှစ်သက်သက် စားသုံးကြတဲ့ ဓလေ့ပါ။ 

 

 

နွားနို့ကျိုရာမှာ မရိုးပင်ကရတဲ့ မရိုးစေးနည်းနည်းထည့်ကာ ပွက်ပွက်ဆူအောင်ကျိုပြီး အအေးခံလိုက်ရင် နို့ခဲရတယ်လို့ ဆိုပါတယ်။ နွားနို့အစိမ်းက အချိန်လွန်သွားရင် အလိုလို ချဉ်သွားပေမယ့် နို့ခဲကတော့ ရက်အတော်ကြာထားပြီး စားနိုင်လို့ အထားခံတယ်လို့ ဆိုရမှာပါ။ နို့ခဲကို တစ်ချို့ကကြော်ပြီး သကြားဖြူးကာ သရေစာအဖြစ် မြည်းကြသလို တချို့ကလည်း ဝါးခြမ်းနဲ့ညှပ်ကာ မီးမှာကင်လို့ နို့ကင်အဖြစ် စားသုံးကြပါတယ်။ အများအားဖြင့်ကတော့ ဟင်းတစ်မယ်အဖြစ် ကြော်ချက်စားရတာကို ပိုပြီး နှစ်ခြိုက်ကြပါတယ်။ နို့ခဲဟင်းလျာမှာ နာမည်ကြီးတာက ခရမ်းချဉ်သီးနဲ့ ဆီပြန်ချက်လေ့ရှိတဲ့ နို့ခဲဟင်းပါ။ ချက်နည်းကတော့ နို့ခဲကိုမထူမပါး လက်တစ်လုံးအရွယ်လေးတွေ တုံးပါ။

 

ပြီးက ငရုတ်၊ ကြက်သွန် ဖြူ၊ နီရောပြီး ထောင်းထားတဲ့အရောကို ဆီဒယ်အိုးမှာ ဆီသတ်ပါ။ ငရုတ်၊ ကြက်သွန် ဖြူ၊ နီအရော ဒယ်အိုးထဲမှာ ရွှေရောင်သန်းလာရင် စိတ်ထားတဲ့ ခရမ်းချဉ်သီး၊ ဆား၊ နနွင်းတို့ထည့်၊ နှံ့အောင်မွှေပြီး အဖုံးအုပ်ပါ။ ခရမ်းချဉ်သီး သုံးရာမှာ အညာဘက်မှာတော့ အချဉ်အရသာစူးတဲ့ အနားတွန့် ကိုင်းခရမ်းချဉ်သီးကို ပိုပြီးကြိုက်ကြပါတယ်။

 

ဒယ်အိုးထဲမှာ ဆီပြန်လာရင် ရေအနည်းငယ်ထည့်လို့ ခရမ်းချဉ်သီးကြေပြီး အနှစ်ရအောင် ချက်ရပါမယ်။ ပြီးကနို့ခဲတုံးကလေးများ ထည့်ကာ နှံ့အောင်မွှေ၊ ဆူသံပေးပြီး ဆီပြန်လာပါက အပေါ့အငန်မြည်း၊ အသင့်ခွဲထားသော ငရုတ်သီးစိမ်းတောင့်များထည့်၊ နံနံပင်အုပ်ကာ မီးဖိုမှ ချပါလေ။ အနံ့အရသာထူးတဲ့ အညာပုံစံ အညာချက် နို့ခဲခရမ်းချဉ်သီးဟင်းတစ်ခွက် အသင့်ရပါပြီ။ 

 

စံလွင် (ငါးဦးစီး)