နှစ် ၁ဝဝ သမိုင်းသင်ခန်းစာ

၈ ဇန်နဝါရီ

 

ယနေ့မှစ၍ နှစ်ပေါင်း ၁ဝဝ နောက်ကြောင်းပြန်ရေတွက်လျှင် ၁၉၂၀ ပြည့်နှစ်သည် မြန်မာနိုင်ငံနှင့်တကွ နိုင်ငံသူ နိုင်ငံသားများအားလုံး သူ့ကျွန်ဘဝ ကျရောက်နေခဲ့ရချိန်ဖြစ်သည်။ စင်စစ်အားဖြင့် ယင်းကာလတွင် မြန်မာနိုင်ငံဟူ၍ပင် မရှိတော့ပြီ။ မြန်မာတစ်နိုင်ငံလုံး နယ်ချဲ့လက်အောက် ကျရောက်ခဲ့ရချိန်မှစ၍ မြန်မာဟူသည်မှာ အိန္ဒိယ၏ ပြည်နယ်တစ်ခုသာဖြစ်သွားခဲ့ရပြီ ဖြစ်သည်။ အိန္ဒိယသည်ပင် နယ်ချဲ့၏သိမ်းပိုက်ခံ ကိုလိုနီနယ်မြေ ဖြစ်သည့်အလျောက် မြန်မာမှာမူ ကျွန်ထက်နိမ့်ကျသည့် အခြေအနေဟူ၍ပင် နာနာကြည်းကြည်းဆိုခဲ့ကြသည်။ မြန်မာသည် အိန္ဒိယ၏ ပြည်နယ်တစ်ခုဖြစ်လာခဲ့သည့်အတွက် အိန္ဒိယသားတို့ လာရောက်စီးပွားရှာသည့် နေရာဒေသဖြစ်ခဲ့သည့်အပြင် လူဝင်မှုဆိုင်ရာတို့မှာလည်း တံခါးမရှိ၊ ဓားမရှိအခြေအနေမျိုး ဖြစ်ပေါ်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံရင်ဆိုင်နေရသည့် ပြဿနာများ၏ မြစ်ဖျားခံရာများ ဖြစ်ခဲ့ရသည်။

 

၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို အကြောင်းပြု၍ အုပ်စိုးသူနယ်ချဲ့တို့ကို ဆန့်ကျင်မှုများ တစ်နည်းအားဖြင့် အမျိုးသားရေးစိတ်ဓာတ်နိုးကြားမှုများ ပေါ်ပေါက်လာခဲ့သည်။ ရခိုင်နှင့် တနင်္သာရီ၊ ပဲခူးတို့မှာ ၁၈၂၄ ခုနှစ် တွင်လည်းကောင်း၊ မြေထဲမြို့မှသည် မြန်မာနိုင်ငံကို ထက်ဝက်ပိုင်း ဖြတ်လျက် မြန်မာနိုင်ငံအောက်ပိုင်းသည် ၁၈၅၂ ခုနှစ်တွင် လည်းကောင်း နယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ပြီးဖြစ်ရာ နှစ်ပေါင်း၇၀ ခန့် သူ့ကျွန်ဘဝတွင် ဖိနှိပ်ခံခဲ့ရပြီးနောက် ရုန်းကန် မှုများ စတင်လာခဲ့ခြင်းလည်းဖြစ်သည်။ နယ်ချဲ့အုပ်စိုးသူတို့၏ လက်အောက်ခံကျွန်ဘဝဟုဆိုရာတွင် စိတ်ခံစားမှုသက်သက်မျှသာ မဟုတ်ဘဲ နှိမ့်ချဆက်ဆံမှု၊ ခွဲခြားမှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် လက်တွေ့ဘဝများမှ ထွက်ပေါ်လာရခြင်းလည်း ဖြစ်သည်။

 

ဥရောပတိုက်သားများသာ ဝင်ရသည့်နေရာများ၊ မြန်မာတိုင်းရင်းသားများကို ခန့်ထားခြင်းမပြုသည့်ရာထူးများ လူလူချင်းအတူတူ နှိမ့်ချဆက်ဆံခံရမှုများအပေါ် နာကြည်းစိတ်များက ကြာမြင့်လာချိန်တွင် ရုန်းကန်အုံကြွမှုများကို ဖြစ်ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း အုပ်စိုးသူတို့က လက်အောက်ခံ တိုင်းပြည်မှ လူမျိုးစုများအတွင်း သွေးခွဲရေးလုပ်ငန်းများကို စနစ်တကျ ပညာသားပါပါ ဆောင်ရွက်ခဲ့ရာ ရာစုနှစ်ပေါင်းများစွာ အတူပူးပေါင်း ယှဉ်တွဲနေထိုင်ခဲ့ကြသည့် လူမျိုးများအကြား သံသယများနှင့် ပဋိပက္ခအက်ကြောင်းများလည်း ပေါ်ပေါက်လာ ခဲ့သည်။

 

ဗြိတိသျှတို့ကလည်း မြန်မာတို့ 'ဘယ်ကလာသည်' နှင့် အခြားလူမျိုးများနှင့် မည်သို့ဆက်နွှယ်သည်ကို သေချာစဉ်းစား လာသည်။ ၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတို့သည် လူမျိုးခွဲရေး သီအိုရီ၏ အထွတ်အထိပ်ကာလ ဖြစ်သည်။ ယဉ်ကျေးမှုအရ လူမျိုးခွဲဗေဒကို ကိုလိုနီလုပ်ငန်းတစ်ခုအဖြစ် မွေးထုတ်သည်။ အင်ပိုင်ယာအတွင်းရှိလူများကို အမျိုးအစားခွဲရန်နှင့် ရှေးအခါက ရွှေ့ပြောင်းအခြေချခြင်းနှင့် မကြာသေးမီအချိန်က သမိုင်းဖြစ်စဉ်တို့မှ လက်ရှိအနေအထားနှင့် စရိုက် လက္ခဏာတို့ကို မည်သို့ဖြစ်ပေါ်စေခဲ့သည်ကို နားလည်ရန် အင်တိုက်အားတိုက်ကြိုးပမ်းသည်။ ယင်းတို့သည် သိပ္ပံနည်းကျကျ ကြိုးပမ်းမှုများဖြစ်သော်လည်း အင်္ဂလိပ်လူမျိုးတို့သည် ထိပ်တန်း တွင်ရှိသည်ဟု ဖော်ပြလိုသည့် နည်းလမ်းတစ်မျိုးလည်းဖြစ်သည်ဟူ၍ သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ၎င်း၏ မြန်မာ့သမိုင်းအပေါ် အမြင်၌ ဖော်ပြထားရာ သွေးကွဲနေသူများ သွေးခွဲနေသူများ စဉ်းစားကြဖို့ပင် ဖြစ်သည်။

 

ခြုံ၍ဆိုရလျှင် နိုင်ငံအတွင်း အဘက်ဘက်မှ အားနည်းချိန် အထူးသဖြင့် စည်းလုံးညီညွတ်မှု ပြိုကွဲခဲ့ချိန်တွင် လွတ်လပ်ရေးနှင့်အတူ နိုင်ငံတစ်ခုလုံးပါ ကမ္ဘာ့မြေပုံပေါ်မှ ပျောက်ဆုံးသွားခဲ့ဖူးသည်။ မြန်မာလူမျိုးတို့ ကမ္ဘာကို ကြည့်မြင်လာနိုင်အောင် မျက်စိဖွင့်လာ သည့်အချိန်တွင် အမျိုးသားစိတ်တို့ နိုးကြားတက်ကြွလာခြင်းနှင့်အတူ ကျွန်ဘဝကို စတင်တွန်းလှန်လာခဲ့သည်။ ယနေ့ မိမိတို့နိုင်ငံနှင့် လူမျိုးတို့ ရင်ဆိုင်နေကြရသည့် ပြဿနာတို့၏ ဇာစ်မြစ်များမှာ နယ်ချဲ့ခေတ်၏ ဆိုးမွေများဖြစ်သည်တို့ကို သမိုင်းသင်ခန်းစာ ယူနိုင်ကြရန်နှင့် အနာဂတ် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရာတွင် စည်းလုံးညီညွတ်မှု ကမ္ဘာကို ကြည့်မြင်နိုင်မှုတို့ဖြင့် အောင်မြင်စွာ တည်ဆောက်သွားကြရန်သာ ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း