နှစ် ၇၀ ကျော် သံသရာမှ

၁၂ ဇူလိုင်

 

 

လွတ်မြောက်လိုကြပြီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ၊ တတိယအစည်းအဝေးကြီးကို စတင်လိုက်ပြီဖြစ်သည်။ မိမိတို့နိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးတို့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပါဝင်သင့် ပါဝင်ထိုက်သူများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ စသည်တို့ ပါဝင်သည့် ညီလာခံကိုယ်စားလှယ်များက ညီလာခံခန်းမကြီးမှာ ဆွေးနွေးနေကြပြီဖြစ်သည်။ ဆွေးနွေးသည်ဟု ဆိုရာတွင် သဘောထားကွဲလွဲမှုများ၊ အမြင်မတူမှုများ၊ နားလည်မှု လွဲမှားနေသည်များ၊ ရပ်တည်ချက်ခြားနားနေမှုများ စသည့် စသည့် မတူကွဲပြားနေသည့် အရေးအရာကိစ္စများစွာတို့ကို အကျေအလည် ဖြစ်လာအောင် ၊ တူညီလာအောင် ၊ ဘုံရပ်တည်ချက်ရရှိလာအောင် အပေးအယူပြုခြင်း ၊ လိုက်လျောခြင်း၊ နားလည်စာနာပေးခြင်း စသည်တို့ ပါဝင်သည်။

 

 

လက်ရှိအခြေအနေ၊ အချိန်အခါ ကာလနောက်ခံကားအရ မြန်မာနိုင်ငံသည် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တစ်စိတ်တည်းတစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ နေထိုင်သော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေရမည့် အချိန်အခါကျရောက်နေပြီဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတကာနဲ့ ဒေသတွင်း ဆက်ဆံရေးအခြေအနေတွေအရ ကျွန်မတို့နိုင်ငံအနေနဲ့ ကျွန်မတို့ ပြည်ထောင်စုသားတိုင်းရင်းသားတွေ အားလုံး စုစည်းညီညွတ်ပေါင်းစည်းနိုင်ကြတယ်ဆိုတာ ပြသနိုင်ဖို့ အထူးပဲအရေးကြီးနေပါပြီ။ ဒါဟာ ပစ္စုပ္ပန်ရဲ့လိုအပ်ချက်၊ သမိုင်းရဲ့တောင်းဆိုချက်၊ အနာဂတ်အတွက် ပြင်ဆင်ချက်လည်း ဖြစ်နေပါပြီ။ ခေါင်းဆောင်များ အားလုံးပဲ တွေးဆမြင်ယောင်ကြည့်ပါ။ အိမ်ထောင်စုတစ်စု မညီမညွတ်၊ ဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်၊ အိမ်သားအချင်းချင်း ရန်ဖြစ်စကားများ၊ ပဋိပက္ခတွေဖြစ်ပွားပြီး ဆူဆူညံညံဖြစ်နေတဲ့ အနေအထားမျိုးနဲ့ ကျွန်မတို့ ပြည်ထောင်စုကြီးက သံသရာလည်လာခဲ့တာ နှစ်ပေါင်း (၇၀) ကျော်တဲ့ အထိ ကြာမြင့်နေပါပြီ။ ဒီအနေအထားကို အပြင်က ဘယ်သူကမှလာပြီး ပြုပြင်ပေးလို့ မရပါဘူး။ ဒီပြည်ထောင်စုကြီးထဲမှာ အေးအတူ ပူအမျှ အတူတကွ နေထိုင်နေကြတဲ့ ကျွန်မတို့ကိုယ်တိုင်က ပြုပြင်ပြောင်းလဲနိုင်မှ ရနိုင်မှာပါ။ ဒီအခွင့်အရေးဟာ ဒီကနေ့ ဒီခန်းမကြီးထဲမှာ ရောက်ရှိနေကြတဲ့ အင်အားစုအသီးသီးက ခေါင်းဆောင်တွေရဲ့ လက်ဝယ်မှာ ရှိနေပါတယ်” ဟု ညီလာခံဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ၊ အင်အားစုအသီးသီးတို့မှ ခေါင်းဆောင်များမှာ နိုင်ငံ၏ အနာဂတ်ကို ထုဆစ်ပုံဖော်နေသူများ ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများနှင့် စစ်ပွဲများအကြား နှစ်ပေါင်း ၇၀ ကျော် သံသရာထဲမှ နိုင်ငံနှင့်ပြည်သူများကို ဆွဲထုတ်နိုင်သည့်အခွင့်အရေးကို ရရှိထားသူများလည်းဖြစ်သည်။ အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဆီသို့ ဦးတည်သည့် လမ်းပြမြေပုံမှာလည်း ခိုင်ခိုင်မာမာရှိပြီး ဖြစ်သည်။ အဆိုပါ လမ်းပြမြေပုံသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆိုပြုချက်များကို အခြေပြုကာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နှင့် ဆွေးနွေးပြီးနောက် ထွက်ပေါ်လာသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) မှ စတင်တာထွက်သည်။ NCA သည် ခိုင်မာသော ကတိကဝတ်၊ ပဋိညာဉ်တစ်ခုဖြစ်သလို တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိလည်း ဖြစ်သည်။

 

 

တောင်ပေါ်မြေပြန့်မကျန် နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ၏ အပြင်းပြဆုံးသော အလိုဆန္ဒသည် ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးပင် ဖြစ်သည်။ တစ်ခေတ်တစ်ခါကလို ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ကျောခိုင်းကာ ခါးတောင်းကျိုက်ပြီး ချောင်းကိုဖြတ်၍ တောထဲသို့ပြန်ဝင်သွားကြသည့် “သူတို့ ပြန်ကြလေပြီ” ဆိုသောအဖြစ်မျိုး မြင်ကွင်းမျိုးကို ထပ်မံမမြင်လို မကြားလိုတော့။ ခေတ်ကာလနှင့် အခြေအနေ အချိန်အခါတို့ကလည်း ထိုသို့ မဟုတ်တော့ပြီ။ အစဉ်အမြဲ ဖွင့်ထားသည့် NCA တံခါးမှ ဝင်ရောက်ကာ နှလုံးရည်ကို အခြေပြု၍ ငြိမ်းချမ်းသာယာဝပြောသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ကြပါစေကြောင်း။

 

 

မြန်မာ့အလင်း