နှစ် ၇၀ ပြည့်ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်

စစ်တွေ ၁၇ ဖေဖော်ဝါရီ

 

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် နှစ် ၇၀ ပြည့် ချင်းအမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ချင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဦးပုန်ဘွေက ပြောသည်။

 

 “ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်း ချင်းလူမျိုးတွေနေထိုင်တဲ့ မြို့နယ်တွေမှာ ချင်းအမျိုးသား နေ့ကို ကျင်းပမှာဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်မှာ ဆိုလို့ရှိရင် ချင်းလူမျိုးများနေထိုင်တဲ့ မြို့နယ် ၁၃ မြို့နယ်ရှိပါတယ်၊ ဒီမြို့နယ်တွေမှာနေထိုင်တဲ့ ကျွန်တော်တို့ ချင်းတိုင်းရင်းလူမျိုးတွေဟာ ချင်းအမျိုးသားနေ့ကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့တာတွေလဲ ရှိနိုင်ပါတယ်၊ ဒီနှစ်မှာဆိုရင် ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့က မိမိတို့မြို့နယ်မှာရှိတဲ့ ချင်းတိုင်းရင်းသားများအချင်းချင်း စည်းလုံးညီညွတ်စွာနဲ့ ချင်းအမျိုးသားနေ့ကို ကျင်းပနိုင်ဖို့အတွက် တစ်မြို့နယ်ကို ၁၀ သိန်းကျပ်စီ နဲ့ ၁၃ မြို့နယ်အတွက် သိန်း ၁၃၀ ကိုပံ့ပို့ပေးပါတယ်၊ အခုလို ကျွန်တော်တို့ ချင်းတိုင်းရင်းသားတွေရဲ့ အမျိုးသားနေ့ကို မြို့နယ်တွေမှာ ကျင်းပနိုင်ဖို့အတွက် ပံ့ပို့ကူညီပေးတဲ့အတွက် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ကို ချင်းတိုင်းရင်းသား လူမျိုးတစ်ယောက်အနေနဲ့ရော ချင်းတိုင်းရင်းသားတွေအတွက်ရော အထူးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ချင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဦးပုန်ဘွေက ပြောသည်။

 

ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသားလူမျိုးများသည် စစ်တွေ၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ် များတွင် ဖြန့်ကျက်နေထိုင်လျက်ရှိ ကြောင်းသိရသည်။

 

တင်ထွန်း( ပြန်/ဆက်)