နှစ်ဆန်းပိုင်းမှစ၍ ရန်ကုန်မြို့တွင်း ခရီးသွားခြောက်သိန်းခန့် YRTA မှ ဝန်ဆောင်မှုပေးနေ

ရန်ကုန်၊ ၂၅ ဇန်နဝါရီ

 

၂၀၂၁ ခုနှစ်၊ ဇန်နဝါလဆန်းပိုင်းမှစ၍ ရန်ကုန်မြို့တွင်း၌ YBS ယာဉ်စီးနင်းသော ခရီးသွားခြောက်သိန်းခန့်ကို YRTA မှ ဝန်ဆောင်မှုပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားများကို ကုမ္ပဏီပိုင်ယာဉ်နှင့် ပုဂ္ဂလိကပိုင်ယာဉ်ဟူ၍ YRTA မှ တိုင်းဒေသသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ YBS စနစ်သစ်ကို ဖော်ဆောင်ရာတွင် အများပြည်သူကို ဝန်ဆောင်မှုပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါမတိုင်မီက တစ်ရက်လျှင် ခရီးသွား (၁၉)သိန်းခန့် စီးနင်းခဲ့ရာမှ ဩဂုတ်လ ၁၆ ရက် ဒုတိယလှိုင်းမတိုင်မီ၌ ခရီးသွား (၁၁)သိန်းထိ စီးနင်းခဲ့ကာ ယခုနှစ်ဆန်းပိုင်း၌ YBS စီးနင်းသော ခရီးသွားခြောက်သိန်းခန့် တိုးလာခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၄ ရက်က ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ယာဉ်ကြီး၊ ယာဉ်လတ်၊ ယာဉ်ငယ် ၃၄၀၀ ခန့်ပြေးဆွဲ၍ ခရီးသွား ၆ သိန်း ၃ သောင်းခန့်ကို ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။

 

 “၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းကစပြီး ရန်ကုန်မြို့တွင်း ခရီးသွားခြောက်သိန်းခန့် တိုးလာတာပါ။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ခရီးသွားသုံးသိန်းကနေ ငါးသိန်းထိ ဝန်ဆောင်မှုပေးခဲ့ပြီးတော့ ခရီးသွားပြည်သူတို့အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စီးနင်းကြတဲ့အတွက် ဇန်နဝါရီလဆန်းပိုင်းမှာ ခရီးသွားပြောင်းလဲမှုကို တွေ့ရပါတယ်” ဟု YRTA မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နံပါတ်ပေးထားသော YBS ယာဉ်လိုင်း ၁၀၂ လိုင်းရှိပြီး ၉၆ လိုင်းခန့် ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း၊ လေယာဉ်ကွင်းသို့ ပြေးဆွဲသောလိုင်း၊ အဝေးပြေးကားဝင်းသို့ ပြေးဆွဲသောလိုင်းနှင့် တက္ကသိုလ်သို့ ပြေးဆွဲသောလိုင်းများ ရပ်နားထားရပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ယာယီခွင့်ပြုထားသော လမ်းကြောင်းအတိုင်း ပြန်လည်ပြေးဆွဲရန် ပြင်ဆင်လျက်ရှိကြောင်း၊ ခရီးသွားပြန်လည်ဦးမော့လာပါက ပို့ဆောင်ရေးကဏ္ဍတွင် YRTA မှ အသင့်ရှိနေပြီး အကြီးမားဆုံးအဟန့်အတားမှာ ကိုဗစ်-၁၉ ရောဂါဖြစ်သောကြောင့်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ ခရီးသွားပို့ဆောင်ရေးကို ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်းမှစ၍ ရန်ကုန်မြို့တွင်း ခရီးသွားလာမှုလျော့နည်းမှုကြောင့် ယာဉ်ပြေးဆွဲမှုလည်း လျော့နည်းခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဧပြီလ၌ သောင်းဂဏန်းဦးရေဖြင့် ရန်ကုန်မြို့တွင်း ခရီးသွားကျဆင်းခဲ့ကာ ဇန်နဝါရီလဆန်းပိုင်းမှစ၍ YBS ခရီးသွား ၆ သိန်းခန့် တိုးလာသောကြောင့် တိုးလာသောခရီးသွားလာမှုနှင့်အညီ YRTA မှ ဝန်ဆောင်မှုပေးနေကြောင်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ- သန်းစိုး