နှစ်ဟောင်းကို သင်ခန်းစာယူ

ယနေ့သည်ကား ကမ္ဘာသုံးပြက္ခဒိန်အရ ခရစ်နှစ် ၂၀၁၉ ခုနှစ်၏ နောက်ဆုံးနေ့ရက်ဖြစ်သည်။ မနက်ဖြန်တွင် ပြက္ခဒိန် အသစ်နှင့် ၂ဝ၂ဝ နှစ်သစ် စတော့မည်။ မိမိတို့နေထိုင်ရှင်သန်ရာ မြေကမ္ဘာနှင့် နေ၊ လတို့၏ ပုံမှန်လှည့်ပတ်မှုကြောင့် ဖြစ်ပေါ်လာသည့် နေ့ညရာသီစက်ဝန်းတို့ကို ပိုင်းခြားသတ် မှတ်ကာ နေ့၊ ရက်၊ လ၊ နှစ် စသည်ဖြင့် မှတ်သားခေါ်ဝေါ် နေကြသော်လည်း အချိန်ကာလဆိုသည်မှာ တစ်ဆက်တစ်စပ်တည်း အပိုင်းအခြားမရှိသည့် အရာသာဖြစ်သည်။ လူသားတို့ကမူ မိမိတို့ရှင်သန် ဖြတ်သန်းခဲ့ပြီးသည့် အချိန်ကာလကို အတိတ်ဟူ၍လည်းကောင်း၊ ဖြတ်သန်းနေဆဲ အချိန်ကာလကို ပစ္စုပ္ပန်ဟူ၍လည်းကောင်း၊ မဖြတ်သန်းရသေးသည့်ကာလကို အနာဂတ်ဟူ၍လည်းကောင်း မိမိတို့၏ အတွေ့အကြုံများနှင့်ယှဉ်ကာ အချိန်ကိုခွဲခြားသတ်မှတ်နေကြခြင်းပင် ဖြစ်သည်။

မိမိတို့ဖြတ်သန်းခဲ့ပြီးသည့် တစ်နှစ်တာကာလအတွင်းကို ပြန်ပြောင်းကြည့်လျှင် အကောင်းနှင့်အဆိုးတို့ ရောပြွမ်းနေ သည်ကို တွေ့ရမည်။ မိမိကိုယ်တိုင်နှင့်တကွ မိမိရှင်သန်ကျင်လည်ရာ ပတ်ဝန်းကျင်တို့အကြား အပြန်အလှန် အမှီသဟဲပြုမှု တုံ့လှယ်မှုများတွင်လည်း အကောင်းနှင့်အဆိုးတို့ ရောထွေးနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ရှေးပညာရှိ သူတော်ကောင်းတို့ကမူ လူအဖြစ်ကို ရရှိလာသူတိုင်း မိမိအကျိုးထက် လောကအကျိုးကို ဦးစားပေးရန် တိုက်တွန်းခဲ့ကြသည်။ ကိုယ်ကျိုးစီးပွားအတွက် အားမထုတ်မီမိမိတို့၏ ကိုယ်နှုတ်နှလုံးကိုကောင်းအောင် ပြုပြင်ကြရန်၊ လူဖြစ်ရုံ မည်ကာမတ္တမျှဖြင့် မနေကြဘဲ လူကောင်းဖြစ်လာအောင် မိမိကိုယ်ကိုယ် တည်ဆောက်ကြရန်၊ ဉာဏ်ပညာနှင့် သစ္စာတရားတို့ကို ရှာဖွေကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

ထို့အပြင် ကောင်းဆိုးနှစ်တန် လောကဓံတို့ကို တွေ့ကြုံကြရသည်အခါ မတုန်မလှုပ်ဘဲ ခံယူနိုင်ကြရန်လည်း လိုအပ်လှသည်။ ၃၈ ဖြာ မင်္ဂလာတရားတော်တွင် “ဖုဋ္ဌဿလောကဓမ္မေဟိ၊ စိတ္တိယဿ နကမ္ပတိ" လောကဓံတရား တို့နှင့် တွေ့ကြုံသော်လည်း စိတ်မတုန်လှုပ်ခြင်းကို မင်္ဂလာတစ်ပါးဟူ၍ သတ်မှတ်ထားသည်။ ပုထုဇဉ်တို့၏သဘာဝ လောက၏ ဓမ္မဖြစ်သော စီးပွားဥစ္စာတို့ တိုးပွားရရှိလာခြင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့် အခြံအရံများစွာ ရရှိလာခြင်း၊ အောင်မြင်မှုများနှင့် ဂုဏ်ပြုချီးမွမ်းမှုများကို ရရှိလာခြင်းတို့ ရှိနိုင်သလို စီးပွားပျက်၊ ဥစ္စာဓနေဆုံးရှုံး၊ ဆွေမျိုးမိတ်သင်္ဂဟမိသားစုများ ပျက်စီးပြိုကွဲမှုကြုံ၊ ရှုံးနိမ့်ကျဆုံးမှုနှင့် ကဲ့ရဲ့ပြစ်တင် ရှုတ်ချခြင်းတို့နှင့် ရင်ဆိုင်ရခြင်း တို့ကိုလည်း ကြုံတွေ့နိုင်သည်သာ ဖြစ်သည်။ ကောင်းသည့်လောကဓံကို တွေ့ကြုံရခိုက်တွင် ဝမ်းမြောက်ဝမ်းသာ စိတ်ဖြင့် တုန်လှုပ်ကြသလို ဆိုးသည့်လောကဓံများနှင့် တွေ့ကြုံရသည့်အခါတွင်လည်း ဝမ်းနည်းပူဆွေးစိတ်ဖြင့် တုန်လှုပ်တတ်ကြသည့် လူ့သဘာဝကို သတိတမန်ဉာဏ်မြေကတုတ်ဖြင့် ဆင်ခြင်ကာ ပကတိတုန်လှုပ်ခြင်း အလျှင်းမရှိဘဲ ခံယူနိုင်ကြခြင်း သည်လည်း လူကောင်းသူကောင်းတို့၏ စရိုက်လက္ခဏာများပင် ဖြစ်သည်။

ဖြတ်သန်းခဲ့ပြီးသည့် နေ့ဟောင်း၊ ရက်ဟောင်း၊ လဟောင်း၊ နှစ်ဟောင်းတို့မှာ ပြန်မလာနိုင်တော့ သည့် အတိတ်ကာလတို့ ဖြစ်သွားခဲ့ပြီး ပြီးခဲ့သည့် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် စသည့်ကာလများအတွင်း မိမိဘာတွေ လုပ်နိုင်ခဲ့ပြီလဲ၊ မိမိကိုယ်တိုင်အတွက် မိမိ၏ပတ်ဝန်းကျင်နှင့် မိမိ၏ လူ့အဖွဲ့ အစည်းအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိ၏အဖွဲ့အစည်းတွင် မိမိ၏ အခန်းကဏ္ဍက ဘာလဲစသည်ဖြင့် ပြန်လည်ဆန်းစစ်ပါက ရောက်ဆဲပစ္စုပ္ပန်နှင့် အနာဂတ်တို့တွင် လုပ်သင့်လုပ်ထိုက်သည့် အလုပ်တို့ကို သတ်မှတ်နိုင်လိမ့်မည်ဖြစ်သည်။ အနှစ်ချုပ်အားဖြင့်မူ အတိတ်ကာလကို ဖြတ်သန်းခဲ့ရာတွင် ကြုံတွေ့ခဲ့ရသည့် အမှားအယွင်းများနှင့် အားနည်းချက်များကို သင်ခန်းစာယူ ပြုပြင်ကာ ရှေ့ဆက်ရမည့် ဘဝခရီးအတွက် အားသစ်အင်သစ်များဖြင့် လျှောက်လှမ်းနိုင်ကြပါစေကြောင်း။    ။