နှစ်ကုန်ပိုင်းတွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မည်

ရန်ကုန် ၂၈ ဧပြီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နှစ်ကုန်ပိုင်းတွင် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရွေးစင်အသင်းအားလုံးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့်ပြိုင်ပွဲများမှာ ရပ်နားထားပြီး စက်တင်ဘာမှသာ အစောဆုံး ပြန်လည်ကျင်းပဖွယ်ရှိနေသည်။ မြန်မာဘောလုံးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်နေသည့် အာဆီယံအဆင့်ပြိုင်ပွဲများမှာလည်း သြဂုတ်အကုန်ထိ ရပ်နားထားပြီး စက်တင်ဘာနောက်ပိုင်းမှ အစောဆုံးကျင်းပနိုင်မည် ဖြစ်သော်လည်း လက်ရွေးစင်အသင်းများ၏ ကြိုတင်ပြင်ဆင်မှုများအတွက် စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီသည် မြန်မာ့လက်ရွေးစင်အပါအဝင် လူငယ်လက်ရွေးစင်အသင်းများ၏ လေ့ကျင့်ပြင်ဆင်မှုများ၊ ပြိုင်ပွဲအကြို နိုင်ငံတကာခြေစမ်းပွဲများ၊ နည်းပြခန့်အပ်ရမည့်အသင်းများ၊ နည်းပြအဖွဲ့ဝင် အင်အားဖြည့်တင်းမည့်အသင်းများကို ဆက်လက်အင်အားဖြည့်တင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်ရွေးစင်အသင်းများအနက် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ရွှေ့ဆိုင်းထားသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲသုံးပွဲအပြင် နိုဝင်ဘာတတိယပတ်တွင် စတင်မည့် ၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲပါ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ပြင် ယူ-၁၉ အမျိုးသားအသင်း၊ ယူ-၁၆ အမျိုးသားအသင်း၊ ယူ-၁၈ အမျိုးသမီးအသင်း၊ ယူ-၁၅ အမျိုးသမီးအသင်း၊ ဖူဆယ်အမျိုးသားအသင်းတို့မှာ နှစ်ကုန်ပိုင်းတွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အမျိုးသမီးလက်ရွေးစင်အသင်းနှင့် ယူ-၂၁ အမျိုးသားအသင်းတို့မှာ လာမည့်နှစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

 

လက်ရှိအချိန်တွင် လက်ရွေးစင်အသင်းအားလုံးမှာ လေ့ကျင့်မှုရပ်နားထားပြီး ကိုရိုနာဗိုင်းရပ်စ်အခြေအနေ တည်ငြိမ်သွားမှသာ လေ့ကျင့်မှု ပြန်လည်ပြုလုပ်သွားမည် ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်