နှစ်နှစ်တာကာလအတွင်း အလုပ်အကိုင်အခွင့်အလမ်း လေးသိန်းနီးပါးတိုးမြင့်ခဲ့

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် အလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ပြည်သူလူထု ကိန်းဂဏန်းအချက်အလက်များ၊ နိုင်ငံသားများ၏ အခြေခံအခွင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားအခြားသော ဝန်ကြီးဌာနများ လုပ်ငန်အောင်မြင်နိုင်ရေးအတွက် လူအရင်းအမြစ်ဆိုင်ရာ အချက်အလက် ကိစ္စရပ်များအားလုံးကို တာဝန်ယူဆောင်ရွက်ပေးရသည့် ဝန်ကြီးဌာနကြီးတစ်ခု ဖြစ်သည်။

 

ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များကြောင့် ပိုမိုကောင်းမွန်သည့် အလုပ်သမားများ၏ အနာဂတ်နှင့် မှန်ကန်တိကျသည့် နိုင်ငံသားများ၏ အခွင့်အရေးများက ဖော်ထုတ်နိုင်ခဲ့သည်ကို မြင်တွေ့ရသည်ဖြစ်ရာ ဝန်ကြီးဌာန၏ လုပ်ငန်းများနှင့် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ၊ စိန်ခေါ်မှုများကို သိရှိနိုင်စေရန်အတွက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေအား တွေ့ဆုံမေးမြန်းထားပါသည်။

 

 

မေး ။ ။ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အခုကာလအတွင်း အဓိကထား ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို ပြောပြပေးပါရှင့်။

 

ဖြေ ။ ။ ဝန်ကြီးဌာနအနေနဲ့ကတော့ အလုပ်သမားရေးရာ ဥပဒေများနဲ့အညီ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုနဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေဖို့ဆိုတဲ့ မျှော်မှန်းချက်၊ ဒုတိယတစ်ခုအနေနဲ့ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသား မှတ်ပုံတင်ရေးလုပ်ငန်းနဲ့ ပြည်သူ့အင်အား စာရင်းကောက်ယူ ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ နိုင်ငံတော်အစိုးရဲ့ မူဝါဒတွေနဲ့အညီ  စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ မျှော်မှန်းချက်တွေနဲ့ အစိုးရသစ်လက်ထက်မှာ စတင်ရပ်တည်ခဲ့ပါတယ်။

 

မေး ။ ။ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ထုတ်ပေးနိုင်ခဲ့တာတွေနဲ့ ပတ်သက်ပြီးလည်း သိလိုပါတယ်ရှင့်။

 

ဖြေ ။ ။ ဝန်ကြီးဌာနသစ်အဖြစ် စတင်ပြီးတော့ ဖွဲ့စည်းတဲ့ အချိန်ကနေစပြီး ပထမဆုံးလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းကတော့ အလုပ်လက်မဲ့တွေ နည်းပါပြီး နိုင်ငံရဲ့ တစ်ဦးချင်း ဝင်ငွေမြင့်တက်လာဖို့နဲ့ နိုင်ငံအတွင်းမှာရှိတဲ့ အလုပ်အကိုင်တွေ ပိုမိုဖော်ထုတ်ပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ၂၈ ရက်အထိ အလုပ်သမား မှတ်ပုံတင်ထားသူဦးရေဟာ ၂၂၁၄၃၃၆ ဦး ခန့်ရှိခဲ့ပါတယ်။ အလုပ်အကိုင် ခန့်အပ်ပေးနိုင်မှု အနေနဲ့ကတော့ အစိုးရဝန်ကြီးဌာန အသီးသီးကနေ လုပ်ငန်းလိုအပ်ချက်အရ ခေါ်ယူတဲ့ အလုပ်အကိုင်အခွင့်အလမ်းပေါင်းက ၂၇၄၀၆ ဦးနဲ့ ပုဂ္ဂလိကကဏ္ဍမှာ အလုပ်အကိုင် အခွင့်အလမ်းပေါင်းက ၃၆၉၄၂၅ ဦးရှိခဲ့တဲ့အတွက် နှစ်နှစ်တာကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း လေးသိန်းနီးပါး ပေးအပ်နိုင်ခဲ့ပါတယ်။

 


 

မေး ။ ။ ပြည်ပမှာ သွားရောက် အလုပ်လုပ်ကိုင်သူတွေအတွက်ရော ဝနကြီးဌာနအနေနဲ့ ဘယ်လိုလုပ်ငန်းတွေကို လုပ်ဆောင်ပေးပြီး တရားဝင် ရွှေ့ပြောင်း အလုပ်သမားတွေဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသလဲ။

 

ဖြေ ။ ။ ဝန်ကြီးဌာနကနေ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီအပါအဝင် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ ၂၅၈ ခုအထိ လုပ်ငန်းဆောင်ရွက်ခွင့် ပြုခဲ့ပါတယ်။ ဒီနှစ်နှစ်တာအတွင်းမှာ အေဂျင်စီတွေကနေ ပြည်ပနိုင်ငံ ကိုးနိုင်ငံကို အလုပ်သမား စုစုပေါင်း ၃၀၇၇၆၇ ဦး စေလွှတ်ပေးနိုင်ခဲ့တယ်။ 

 

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံသားအထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေ အတွက်လည်း ဆောင်ရွက်ပေးခဲ့ရတာရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ဥပဒေအရ မြန်မာနိုင်ငံသား အထောကအထားမဲ့ အလုပ်သမားတွေဟာ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေကြရတဲ့အတွက် ၂၀၁၇ ခုနှစ်အတွင်းမှာ ပြန်လည်ခေါ်ယူရေးနဲ့ အထောက်အထား ရရှိနိုင်ရေးအတွက် ဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်လက်ခံခြင်း စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ရပါတယ်။

 

အခုအချိန်မှာတော့ ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံသားအထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ မြန်မာ အလုပ်သမားတွေကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးတဲ့စခန်းတွေကို မြန်မာအလုပ်သမားတွေ အများဆုံးနေထိုင်တဲ့ နေရာတွေနဲ့ ရွေ့လျား ဆောင်ရွက်ပေးတဲ့ Mobile Team အဖွဲ့ နှစ်ဖွဲ့ကိုဖွဲ့ ပြီး ဆောင်ရွက်ပေးခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ် မတ် ၃ ရက်မှ ၂၀၁၈ ခုနှစ် မတ် ၁၀ ရက်အတွင်းမှာ အထောက်အထားမဲ့ မြန်မာလူမျိုး ၁၀၃၃၁၇၄ ဦးကို CI ထုတ်ပေးနိုင်ခဲ့ပါတယ်။

 

 

မေး။ ။ ပြည်တွင်း အလုပ်သမားတွေအတွက် ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုအခွင့်အရေးတွေကို ပေးအပ်နိုင်ခဲ့ ပါသလဲရှင့်။

 

ဖြေ။ ။ အဓိကကတော့ အနည်းဆုံးအခ ကြေးငွေကို ပြင်ဆင်သတ်မှတ် ပေးနိုင်ခဲ့ပါပြီ။ အနည်းဆုံး အခကြေးငွေကို ပြင်ဆင်သတ်မှတ်ပေးနိုင်ဖို့အတွက် အနည်းဆုံးအခ ကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီရဲ့ ပဉ္စမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ် မတ် ၅ ရက်မှာ ကျင်းပခဲ့ပြီး အဆိုပြု အနည်းဆုံး အခကြေးငွေကို ၁၀ ဦးနှင့် အထက်ရှိတဲ့ လုပ်ငန်းတွေ အားလုံးအတွက် တစ်နာရီလျှင် ငွေကျပ် ၆၀ဝ နှုန်းနဲ့ အလုပ်ချိန် ရှစ်နာရီ (တစ်ရက်)အတွက် ငွေကျပ် ၄၈၀ဝ ကို သတ်မှတ်နိုင်ဖို့အတွက် အပါအဝင် ဆုံးဖြတ်ချက် ငါးချက်ကို ချမှတ်ပေးနိုင်ခဲ့ပါတယ်။ အဆိုပြု အနည်းဆုံး အခကြေးငွေ အတည်ပြု ထုတ်ပြန်နိုင်ဖို့လည်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးကို ပေးပို့ထားပြီး ဖြစ်ပါတယ်။

 

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကလည်း ပြည်တွင်းပြည်ပ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး အလုပ်ရှာဖွေသူနဲ့ အလုပ်ရှင်တွေ တစ်နေရာတည်းမှာ တွေ့ဆုံပြီး One Stop Service နဲ့ ရွေးချယ်ခန့်ထားပေးတဲ့ အလုပ်အကိုင် အခွင့်အလမ်းပြပွဲ (Job Fair) တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ခုနစ်ခုမှာ ၂၁ ကြိမ်ခန့် ကျင်းပပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်း သွားလာလုပ်ကိုင်နိုင်ရေးအတွက် ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ရေးဗဟိုဌာန MRC ရုံးသစ်တွေကိုလည်း ၁၃ ရုံးအထိ ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်။

 

မေး။   ။ အသက်မွေးဝမ်းကျောင်းမှု ကျွမ်းကျင်ရေးအတွက်ရော ဘယ်လိုဖြည့်ဆည်းပေးနေလဲဆိုတာ သိပါရစေ။

 

ဖြေ။ ။ ၂၀၁၆ ခုနှစ် ဧပြီလကနေ ယနေ့အချိန်အထိ မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)ကနေ အတည်ပြုထားတဲ့ ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးဌာနတွေမှာ ပြည်တွင်း အလုပ်သမားဈေးကွက်ရဲ့ လိုအပ်ချက် အများဆုံး အလုပ်အကိုင် ၁၈ မျိုးအတွက် ကျွမ်းကျင်မှုအဆင့် ၁ လုပ်သား ၂၉၃၀၊ ကျွမ်းကျင်မှု အဆင့်၂ လုပ်သား ၉၂ ဦး၊ စုစုပေါင်း ၃၀၂၂ ဦး စစ်ဆေးအကဲဖြတ် အောင်မြင်ခဲ့လို့ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်တွေ ထုတ်ပေးနိုင်ခဲ့ပါတယ်။

 

မေး။ ။ လုပ်ငန်းခွင် ဘေးအ္တရာယ်ကင်းရှင်းရေးနဲ့ လုပ်သားတွေရဲ့ ကျန်းမာရေးအတွက် ဘယ်လို ဆောင်ရွက်ပေးနေပါသလဲ။

 

ဖြေ။ ။ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ငန်းခွင် ဘေးအ္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးကော်မတီတွေ ဖွဲ့စည်းထားပြီး လက်ရှိအချိန်အထိ စက်ရုံ၊ အလုပ်ရုံ ၂၄၉ ရုံမှာ အဆိုပါ ကော်မတီတွေ ဖွဲ့စည်းထားနိုင်ခဲ့ပါပြီ။ ဒါကြောင့် စုစုပေါင်း စက်ရုံ၊ အလုပ်ရုံ ၁၁၈၉ ရုံမှာ လုပ်ငန်းခွင်အတွင်း ဘေးအ္တရာယ်ကင်းဝေးဖို့နဲ့ ကျန်းမာရေး ထိခိုက်မှုမရှိစေဖို့ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

 

မေး။ ။ အလုပ်ရှင်နဲ့ အလုပ်သမားအကြား အရေးကိစ္စတွေကိုရော ဘယ်လိုကိုင်တွယ် ဖြေရှင်းပေးနိုင်ခဲ့ပါသလဲ။

 

ဖြေ။ ။ အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနကနေ ခုံသမာဓိကောင်စီက နှစ်နှစ်တာ ကာလအတွင်း အလုပ်သမားရေးရာ အငြင်းပွားမှု ၁၇၅ မှုကို ဖြေရှင်းနိုင်ခဲ့ပြီး အလုပ်သမား ၂၇၇၇ ဦးအတွက် အကျိုးခံစားခွင့် ငွေကျပ် သိန်းပေါင်း ၇၆၀ ကျော်နဲ့ အမေရိကန်ဒေါ်လာ ငါးသောင်းကျော် ပေးအပ်နိုင်ခဲ့ပါတယ်။ ခုံသမာဓိ အဖွဲ့ကလည်း   အလုပ်သမား အပြင်းပွားမှု  ၃၀၅ မှုကို ဖြေရှင်းပေးခဲ့ပြီး အလုပ်သမား ၅၅၂ ဦးအတွက် ငွေကျပ် သိန်း ၉၀ဝ ကျော် ပေးအပ်နိုင်ခဲ့ပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားမှုတွေကို ညှိနှိုင်းဖြန်ဖြေပေးဖို့ မြို့နယ်အဖွဲ့များမှ အငြင်းပွားမှု ၁၆၈၉ မှုကို လက်ခံဖြေရှင်းခဲ့ပြီး အမှုပေါင်း ၁၄၃၄ မှုကို ကျေအေးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ် ခုံသမာဓိအဖွဲ့ကို အလုပ်သမား ၁၄၅၇၂ ဦးအတွက် ငွေကျပ်သိန်းပေါင်း ၃၆၀ဝဝ ကျော်နဲ့ အမေရိကန် ဒေါ်လာ ၆၀ဝဝဝ ကျော်ကို ခံစားစေခဲ့ပါတယ်။

 

မေး။ ။ အလုပ်သမားစစ်တမ်း၊  ကလေးလုပ်သားစစ်တမ်းနဲ့ ကျောင်းအပြီး လုပ်ငန်းခွင်ဆောင်ရွက်မှု အကူးအပြောင်းစစ်တမ်းတွေ ကောက်ယူနေတဲ့ အခြေအနေကိုလည်း ရှင်းပြပေးပါရှင့်။

 

ဖြေ။ ။ ရာသီချိန်အလိုက် အလုပ်သမားတွေ အလုပ်အကိုင်ရရှိမှုကို သိနိုင်ဖို့အတွက် လုပ်သားအင်အားစစ်တမ်း၊ ကလေးလုပ်သားနဲ့ ကျောင်းအပြီး လုပ်ငန်းခွင်ဆောင်ရွက်မှု အကူးအပြောင်းစစ်ဆေးခြင်းတွေကို ILO  ရဲ့ နည်း ပညာနဲ့ ၂၀၁၅ ကနေ စတင်ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ စစ်တမ်းတွေကို ၂၀၁၇ ခုနှစ်အတွင်းမှာ နှစ်ကြိမ်နဲ့ ၂၀၁၈ ခုနှစ် အတွင်းမှာ တစ်ကြိမ်ကောက်ယူခဲ့တာမို့ စာရင်းကောက်ကွက် ၁၅၆၀၊ အိမ်ထောင်စု ၂၈၀၈၀ ကို လွှမ်းခြုံ ကောက်ယူထားနိုင်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား ပပျောက်ရေးအတွက် အမျိုးသားကော်မတီကို ယခုနှစ် ဖေဖော်ဝါရီလမှာ ဖွဲ့စည်းနိုင်ခဲ့ပါပြီ။ ကလေးအလုပ်သမားဆိုင်ရာ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်စာရင်းမူကြမ်းနဲ့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်မူကြမ်းတွေကို အကောင် အထည်ဖော်ရေးဆွဲနေပြီး ကလေးအလုပ်သမားတွေအတွက် ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။

 

မေး ။ ။ ဝန်ကြီးဌာနအနေနဲ့ အခြားသော အဖွဲ့  အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကရော အောင်မြင်မှုတွေ ရှိပါသလား။

 

ဖြေ ။ ။ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံတွေကို ပြည်ထောင်စုဝန်ကြီးကပဲ ခေါင်းဆောင်ပြီး သုံးပွင့်ဆိုင် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ အဓမ္မစေခိုင်းမှု ပပျောက်ရေးနောက်ဆက်တွဲ နားလည်မှု စာချွန်လွှာကိုလည်း မြန်မာအစိုးရနဲ့ ILO တို့ ၂၀၁၈ ခုနှစ်အတွက် လက်မှတ်ရေးထိုးမှုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းမှာ ပြုလုပ်နိုင်ခဲ့ပြီး စီမံချက် အကောင်အထည်ဖော်မှု စတင်နိုင်ခဲ့ပါတယ်။

 

ဂုဏ်ယူဝမ်းမြောက်ဖွယ်ကတော ၂၀၁၇ ခုနှစ် ဇွန်လမှာ ရွေးချယ်ခဲ့တဲ့ ILO  ရဲ့ အုပ်ချုပ်မှုအဖွဲ့ဝင် ၂၀၁၇-၂၀၂၀ သက်တမ်းအတွက် မြန်မာနိုင်ငံက အာရှ-ပစိဖိတ် ဒေသအုပ်စုရဲ့ Deputy Member အဖြစ် ရွေးချယ်ခံခဲ့ရတာ ပါပဲ။ ဒါကတော့ မြန်မာအစိုးရအနေနဲ့ အလုပ်သမားရေးရာ ကိစ္စရပ်တွေကို ဆောင်ရွက်နိုင်ခဲ့တဲ့ အကျိုးရလဒ် တစ်ခုလည်း ဖြစ်ပါတယ်။

 

 

ရေပြောင်းရွှေ့အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်တာနဲ့ မြှင့်တင်ခြင်းဆိုင်ရာ အာဆီယံ သဘောတူညီချက်တွေကို (၃၁)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံ ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးတဲ့ အခါမှာလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးမှုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။

 

အလုပ်သမားရေးရာ ကိစ္စရပ်တွေကို အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းမှု အရှိန်မြှင့်ဖို့ အတွက် လုပ်ငန်းဆိုင်ရာအဖွဲ့တွေကို ဖွဲ့စည်းခဲ့ပြီး အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ အကြိမ်ကြိမ် ကျင်းပနိုင်ခဲ့တယ်။

 

မေး ။ ။ ဝန်ကြီးဌာနအနေနဲ့ ဥပဒေရေးရာတွေ နဲ့ပတ်သက်ပြီးတော့ရော ဘယ်လို ဆောင်ရွက်တာမျိုး ရှိပါသလဲ။

 

ဖြေ ။ ။ လက်ရှိအချိန်အထိ ဝန်ကြီးဌာနကနေ ကျင့်သုံးနေတဲ့ အလုပ်သမားရေးရာ ဥပဒေ ၁၄ ခု ရှိပါတယ်။ နိုင်ငံခြားသား အလုပ်သမားဥပဒေ(မူကြမ်း)ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ သဘောထားမှတ်ချက်နဲ့အညီ ဌာနတွင်း ဆွေးနွေးနေပြီး လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဥပဒေ (မူကြမ်း) ကို အတည်ပြုပြဋ္ဌာန်းဖို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၊ သတ္တမ ပုံမှန်အစည်းအဝေးမှာလည်း၂၀၁၈ မတ်လ ၉ ရက်နေ့က အဆိုတင်သွင်းခဲ့ပါတယ်။

 

မေး ။ ။ အလုပ်သမားတွေအတွက် လူမှုဖူလုံ ရေးလုပ်ငန်းတွေ ဆောင်ရွက်ထားတဲ့ အခြေအနေကိုလည်း ရှင်းပြပေးပါဦး။

 

ဖြေ ။ ။ ဆေးကုမှု ကုန်ကျမှုစရိတ်တွေကို ပြန်ထုတ်ပေးခဲ့တာဆိုရင် နှစ်နှစ်တာအတွင်းမှာ အမှုတွဲပေါင်း ၁၀၂၆၅ မှု ရှိခဲ့ပြီး ဆေးကုသမှုစရိတ်အတွက် ကျပ် ၁၁၆၁ ဒသမ ၁၅၉ သန်းကို ပေးအပ်နိုင်ခဲ့ပါတယ်။ ငွေကြေး အကျိုးခံစားခွင့်ကတော့ အမှုတွဲ ၃၀ဝ၄၈၅ မှုရှိခဲ့ပြီး ကျပ်သန်း ၁၃၂၂၇ ဒသမ ၇၃၀ ကို ပေးအပ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေကိုလည်း လေ့လာစိစစ်ရေးအဖွဲ့က စိစစ်ပေးနေသလို စီမံခန့်ခွဲမှုဆိုင်ရာ မှာလည်း ပြုပြင်ပြောင်းလဲမှုတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။

 

မေး ။ ။ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ရှင်းပြပေးပါဦးရှင့်။

 

ဖြေ ။ ။ နှစ်နှစ်တာအတွင်းမှာ အကြောင်း အမျိုးမျိုးကြောင့် အမည်မည်းစာရင်း ရေးသွင်းထားသူတွေကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ စိစစ်ဖြေလျှော့ခဲ့တဲ့အတွက် မြန်မာနိုင်ငံသား ၂၇၉ ဦးနဲ့ နိုင်ငံခြားသား ၄၀၂ ဦးကို ပယ်ဖျက်ပေးနိုင်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကနေ ဝင်ရောက်တဲ့ နိ်ုင်ငံခြားသား ခရီးသည်တွေကို အမည်မည်းစာရင်းတွေ ကြိုတင်စစ်ဆေးနိုင်တဲ့စနစ်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ၂၀၁၈ ခုနှစ် မတ်လကနေစပြီး ဆောင်ရွက်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

ဆိုက်ရောက်ဗီဇာစနစ်ကို အသုံးပြုပြီး နိုင်ငံ ၅၁ နိုင်ငံက ခရီးသွားတွေကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုမှာ ခွင့်ပြုပေးနိုင်ခဲ့ပြီး ယူကရိန်း၊ ရုရှားနိုင်ငံတွေကိုလည်း ဆိုက်ရောက်ဗီဇာ ခွင့်ပြုနိုင်ခဲ့ပြီဖြစ်လို့ နိုင်ငံခြားဝင်ငွေ တိုးပွားရရှိလာနိုင်ခဲ့ ပါတယ်။ eVisa စနစ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုအပြင် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနဲ့ ထီးခီးဂိတ်တို့ကနေ ဝင်ထွက်ခွင့် ပြုခဲ့ပါတယ်။ သံတမန် နိုင်ငံကူးလက်မှတ်နဲ့ အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကိုလည်း အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်တွေ လုပ်ဆောင်ပေးခဲ့ပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံ ရှိခဲ့ပြီဖြစ်ပါတယ်။ သာမန် နိုင်ငံကူးလက်မှတ်နဲ့ အာဆီယံရှစ်နိုင်ငံကိုလညး အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ပြုနိုင်ခဲ့ပါတယ်။

 

 

မေး ။ ။ နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု အခြေအနေတွေနဲ့ ပြည်ဝင်ခွင့်ဗီဇာအတွက် နိုင်ငံခြားသားတွေအပေါ် ဖြေလျှော့မှုတွေရော ပြုလုပ်ပေးခဲ့တဲ့ အခြေအနေကိုလည်း သိပါရစေ။

 

ဖြေ ။ ။ နိုင်ငံခြားသားတွေ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ တင်ပြရမယ့် အထောက်အထားတွေထဲက အချို့ကို ဖြေလျှော့ပေးခဲ့ပြီး ဗီဇာခြောက်မျိုးကို သုံးလ၊ ခြောက်လ၊ တစ်နှစ်ရှိတဲ့ အကြိမ်ကြိမ် ပြည်ဝင်ခွင့်ဗီဇာအဖြစ် တိုးမြှင့်ခွင့်ပြုခဲ့ပါတယ်။ ပြည်တွင်းနေ နိုင်ငံခြားသားတွေရဲ့ ဆွေမျိုးတွေထံကို သွားရောက် လိုတဲ့အခါမှာ ပြည်ပြန်ဝင်ခွင့်ဗီဇာအတွက် မြန်မာငွေကျပ် ငါးထောင်ခန့်သာ ပေးသွင်းရမှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့မှာ ၁၇ ရုံးခန့်ဖွင့်လှစ်နိုင်ခဲ့ပြီး ဒီနှစ်ပိုင်းမှာလည်း တာချီလိတ်၊ မြဝတီနဲ့ ကော့သောင်းမြို့ ရုံးခွဲတွေမှာလည်း စိစစ်ဆောင်ရွက်ပေးနေပါတယ်။

 

အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေနဲ့ နယ်စပ်ဝင်ထွက်ပေါက်တွေမှာလည်း ခရီးသည်ဆိုင်ရာ အချက်အလက် ရယူသည့်စနစ်ကို အသုံးပြုနိုင်ခဲ့ပြီး Integrated Border Control System  နဲ့ ရုံးချုပ်ကနေ တိုက်ရိုက် ညွှန်ကြားနိုင်ဖို့ စီစဉ်နေပါတယ်။ နှစ်နှစ်တာအတွင်းမှာ ပြည်ပစင်းလုံးငှား လေယာဉ်ခရီးသည်တွေအတွက် ညောင်ဦးနဲ့ မြိတ်လေဆိပ်တွေမှာ Machine Readable Travel Document စနစ်နဲ့ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ 

 

 

မေး။ ။ မြန်မာနိ်ုင်ငံသား ဖြစ်ခွင့်အတွက်ကိုရော ဝန်ကြီးဌာနအနေနဲ့ ဘယ်လို ကိုင်တွယ်ဆောင်ရွက်ပေး နေပါသလဲ။

 

ဖြေ။ ။ နိုင်ငံတော်အစိုးရရဲ့ နှစ်နှစ်တာ သက်တမ်းအတွင်းမှာ မြန်မာနိုင်ငံသားဟောင်း နိုင်ငံခြားသားတွေက မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခံယူခွင့် လျှောက်ထားတာ ၁၁၇ ဦးရှိပြီး ၆၈ ဦးကို ခွင့်ပြုခဲ့ပါတယ်။ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် ခွင့်စနစ်ကိုလည်း လျှောက်ထားလာတာ ၁၉၃ ဦးရှိပြီး ၁၂၉ ဦးကို စိစစ်အတည်ပြု ဆောင်ရွက်ပေးခဲ့ပါတယ်။

 

မေး။ ။ ရခိုင်ပြည်နယ်အတွင်းမှာရော ထွက်ပြေး တိမ်းရှောင်သူတွေအတွက် ပြန်လည်လက်ခံပေးနိုင်ရေး ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေကိုလည်း ပြောပြပေးပါဦးရှင့်။

 

ဖြေ။ ။ ရခိုင်ပြည်နယ်၌ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် တစ်ဖက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင် သွားသူတွေ နေရပ်ပြန်နိုင်ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ပြနလည်လက်ခံရေး မူငါးချက်နဲ့ ဆောင်ရွက်ပေးနေပါတယ်။ ကုန်းလမ်းက ပြန်လည်ဝင်ရောက်လာတဲ့သူတွေကို တောင်ပြို(လက်ဝဲ)  ပြန်လည်လက်ခံရေး စခန်းနဲ့ ရေကြောင်းကနေ ဝင်ရောက်လာတဲ့သူတွေကို ငါးခူရ ပြန်လည်လက်ခံရေး စခန်းတွေမှာ ညွှန်ကြားရေးမှူး တစ်ဦးစီ၊ ဦးစီးအင်အား ၃၀ ကျော်စီနဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၇ ရက်ကတည်းက လက်ခံနိုင်ဖို့ အသင့်စောင့်ဆိုင်း တာဝန်ချထားပေးခဲ့ပေမယ့် ဒီနေ့အထိတော့ တစ်ဦးတေစ်ယောက်မှ ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးပါဘူး။

 

 

 

မေး။ ။ အမျိုးသားမှတ်ပုံတင်ရေးနဲ့ နိုင်ငံသား မှတ်ပုံတင်လုပ်ငန်းတွေမှာ စိစစ်ဆောင်ရွက်ပေးနေတဲ့ အကြောင်းအရာတွေကိုလည်း သိပါရစေရှင့်။

 

ဖြေ။ ။ နိုင်ငံတော်အစိုးရသက်တမ်း နှစ်နှစ်တာအတွင်းမှာ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ အလုပ်သမားတွေကို ရောက်နေတဲ့နေရာတွေမှာ အိမ်ထောင်စု ၃၉၉၆၀ အတွက် အိမ်ထောင်စု လူဦးရေစာရင်းနဲ့ နိုင်ငံသားကတ်ပြား ၁၄၈၅၄ ဦး ပေးအပ်ခဲ့ပါတယ်။ စာသင်ကျောင်းတွေမှာ ကျောင်းသား ကျောင်းသူ ၈၁၇၉၄၇ ဦးကို သစ္စာစီမံချက်နဲ့ နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့ပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ ကိုင်ဆောင်သင့်တဲ့ လက်မှတ်တစ်ခုခုကို ရရှိနိုင်ဖို့ ဖြေလျှော့မှု နည်လမ ်းတွေကို အသုံးပြုခဲ့ပါတယ်။ 

 

အသက် ၁၀ နှစ်ပြည့်သူ ၁၂၄၁၆၉၉ ဦး၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၉၂၇၈၄၁ ဦးတို့ကို နိုင်ငံသား စိစစ်ရေးကတ်တွေ ပေးနိုင်ခဲ့ပြီး ဗဟိုအဖွဲ့အစည်းအဝေး ခွင့်ပြုချက်နဲ့ နိုင်ငံသား ၁၉၅ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၈၂၂ ဦး၊ နိုင်ငံသားပြုခွင့်ရသူ အသက် ၁၈ နှစ် ပြည့်ပြီး သားသမီး ၈၇ ဦး၊ အသက် ၁၈ နှစ် မပြည့်သော သားသမီး ၄၈၇ ဦးတို့ကို သတ်မှတ်ခွင့်ပြု ထုတ်ပေးခဲ့ပါတယ်။

 

အကြောင်းအမျိုးမျိုးနဲ့    နိုင်ငံသားစိစစ်မှု  ခံယူဖို့ လိုအပ်သူတွေကို သက်သေခံကတ်ပြားတွေ ထုတ်ပေးခဲ့ရာ ၃၄၀၄၆ ဦး ရှိခဲ့ပါပြ။ ရခိုင်ပြည်နယ်အတွင်းမှာလည်း NV ကတ်လို့ခေါ်တဲ့ နိုင်ငံသား စိစစ်ခံရမည့်သူရဲ့ သက်သေခံကတ်ပြားကို အဖွဲ့တစ်ရပ်ဖွဲ့ပြီး အရှိန်မြှင့်ဆောင်ရွက်ပေးနေပါတယ်။ ပြည်ပကို ရောက်ရှိနေပြီး မြန်မာနိုင်ငံသား ဟုတ်မဟုတ်ဆိုသူတွေကိုလည်း စိစစ်ပြန်ကြားပေးရာမှာ ၁၉၅၂၇ ဦးကို စိစစ်ပေးခဲ့ရပြီး အွန်လိုင်းစနစ်နဲ့ စိစစ်ပြန်ကြားမှုမှာ ၁၅၆၈၂၆ ဦးအထိ ရှိခဲ့ပါတယ်။ 

 

နိုင်ငံသားစိစစ်ရေးကတ်တွေကို အမျိုးသား အီလက်ထရွန်နစ် မှတ်ပုံတင်လုပ်ငန်း Smart Card နဲ့  National ID ပြောင်းလဲနိုင်အောင် ကြိုးပမ်းနေပြီး  ဒီလုပ်ငန်းစဉ်ကလည်း နိုင်ငံတော်အစိုးရရဲ့ e-Government Plan မှာ အဓိက လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံတကာ ပညာရှင်တွေနဲ့ အတွေ့အကြုံတွေနဲ့ ရှေ့ပြေး စမ်းသပ်တာတွေ စတင်နေပြီ ဖြစ်ပါတယ်။

 

မေး။ ။ပြည်သူ့အင်အား ကောက်ယူထိန်းသိမ်းရေးအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ထောင်စုဝန်ကြီးအနေနဲ့ တိုးတက်ဆောင်ရွက်မှုတွေရှိရင် ပြောပြပေးပါဦး။

 

ဖြေ။ ။ သန်းခေါင်စာရင်း အချက်အလက်တွေ ပေါ်မူတည်ပြီး တိုင်းရင်းသားလူမျိုးစာရင် ထုတ်ပြန်နိုင်ရေး၊ နိုင်ငံတော်ရဲ့ အမျိုးသားအဆင့် လူဦးရေမူဝါဒ ရေးဆွဲနိုင်ရေးနဲ့ အနာဂတ်ကာလ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းတွေကိုလည်း လုပ်ဆောင်နေပါတယ်။

 

အချုပ်အားဖြင့်ဆိုရရင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကနေ နိုင်ငံတော် အစိုးရရဲ့ နှစ်နှစ်တာကာလအတွင်းမှာ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေကို ပြည်သူတွေအတွက် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဆက်လက်ပြီးတော့လည်း ပြည်သူ့အကျိုးအတွက် အရှိန်အဟုန်မပျက် ကြိုးပမ်းသွားမယ်လို့လည်း ပြည်ထောင်စုဝန်ကြီးအနေနဲ့ ပြောကြားလိုပါတယ်။     ။
တွေ့ဆုံမေးမြန်း- ခင်ရတနာ၊ ဓာတ်ပုံ-မေမိုးဦး၊ သော်တာဝင်း