နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ရုရှားနှင့် ပြင်သစ်သမ္မတတို့ ဆွေးနွေး

မော်စကို ၂၇ ဇွန်

 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ပြင်သစ်သမ္မတ အီမာနျူအယ်လ် မက်ခရွန်တို့သည် ယမန်နေ့က ဗီဒီယို ကွန်ဖရင့်တစ်ရပ် ကျင်းပပြုလုပ်ခဲ့ရာ မဟာဗျူဟာတည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအပေါ် အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

နှစ်နိုင်ငံခေါင်းဆောင်တို့သည် မဟာဗျူဟာတည်ငြိမ်အေးချမ်းရေး နယ်ပယ်အတွင်းရှိ အခြေအနေများကို ရှုဒေါင့်အမျိုးမျိုးဖြင့် ဆန်းစစ်လေ့လာခဲ့ကြပြီး လက်ရှိစစ်လက်နက်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆက်လက်ထိန်းသိမ်းရေးနှင့် စစ်မြေပြင်၌ ကြိုတင်ခန့်မှန်းမှုနှင့် ယုံကြည်စိတ်ချမှု အားကောင်းလာစေရေးအတွက် အရေးကြီးပုံကို အလေးထားဆွေးနွေးခဲ့ကြသည်။

 

ထို့အပြင် ပူတင်နှင့် မက်ခရွန်တို့သည် နိုင်ငံတကာအကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှုနှင့် ကမ္ဘာ့ဒေသအများအပြား၌ ဖြစ်ပွားလာနိုင်ဖွယ်ရှိသည့် ပဋိပက္ခတို့ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာရပ်များအား ကိုင်တွယ်ဖြေရှင်းရာ၌ ရုရှားနှင့် ပြင်သစ်အကြား ပူးပေါင်းဆောင်ရွက်မှု အရေးကြီးပုံကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

လက်ရှိပြင်သစ်နှင့် ရုရှားနှစ်နိုင်ငံ၏ အရေးပေါ်တာဝန်သည် ကမ္ဘာတစ်ဝန်းပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေးပင်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထို့အပြင် ပူတင်နှင့် မက်ခရွန်တို့သည် နှစ်နာရီကြာ ပြုလုပ်သော ဗီဒီယိုကွန်ဖရင့်အတောအတွင်း ယူကရိန်း၊ လစ်ဗျားနှင့် ဆီးရီးယားနိုင်ငံတို့ရှိ နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြသည့်အပြင် ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့် ယဉ်ကျေးမှု နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာတောင့်တင်းစေရန် သဘောတူခဲ့ကြောင်းသိရသည်။

 

ဆွေးနွေးစဉ် ပူတင်က မက်ခရွန်အား ရုရှားနိုင်ငံသို့ မကြာမီလာရောက်လည်ပတ်ရန်ဖိတ်ကြားခဲ့ရာ ယင်းဖိတ်ကြားချက်ကို မက်ခရွန်အနေဖြင့် လက်ခံသဘောတူခဲ့ကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ