နှစ်ပေါင်းထောင်ချီ ဂုဏ်ယူဖွယ် ညီညွှတ်မှု

၂၁  ဒီဇင်ဘာ

 

ကြေးမုံအယ်ဒီတာ့ အာဘော်

 

 

ကရင်နှစ် ၂၇၅၇ ခုနှစ် ပြာသိုလဆန်း ရက်နေ့တွင် ကျရောက်သည့်ကရင် အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို ဒီဇင်ဘာလ ၁၈ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန- ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ နှစ်သစ်ကူးမိန့်ခွန်း ပြောကြားခဲ့သည်။အလားတူ အခမ်းအနားများကို နိုင်ငံတစ်ဝန်းတွင်လည်းစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်ကို တွေ့ရပါသည်။

 

ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို တစ်နိုင်ငံလုံးတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၇၉) နှစ် ရှိခဲ့ပြီဖြစ်သည်။မြန်မာနိုင်ငံ လွတ်လပ်ရေးမရရှိသေးသည့် ကိုလိုနီခေတ်ကာလကတည်းက စတင်ကျင်းပလာခဲ့သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့သည် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း တစည်းတလုံးတည်း အတူတကွနေထိုင်ခဲ့ကြသည့် တိုင်းရင်းသားလူမျိုးတစ်မျိုး၏ စည်းလုံးညီညွတ်မှု စွမ်းအားကို လှစ်ဟဖော်ထုတ် ပြသရာလည်း ရောက်ပေသည်။

 

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူမျိုးတစ်ရာကျော်တို့သည် ရှေးနှစ်ပေါင်းများစွာကတည်းကပင် အေးချမ်းစွာဖြင့် အတူတကွ လက်တွဲနေထိုင်ခဲ့ကြသည်။ ရှမ်း၊ ချင်း၊ ကချင်၊ မွန်၊ဗမာ၊ ရခိုင်၊ ကရင်၊ ကယား အမည်နာမကွဲပြားခြားနားသော်လည်းအမိမြန်မာနိုင်ငံတော်ကြီးအတွင်း အတူတကွနေထိုင်လာခဲ့ကြသဖြင့်မြန်မာတည်းဟူသော အိမ်ထောင်စုကြီးတစ်ခုအတွင်းမှ မိသားစုဝင်များဖြစ်ပေသည်။

 

မိသားစုဝင်ဟူသောသဘောဖြင့် တစ်ဦးနှင့်တစ်ဦး သီးခြားစီရပ်တည်မနေဘဲ အတူယှဉ်တွဲ ရောယှက်နေထိုင်လျက် ရှိသည်ကို ယခုကဲ့သို့သောတိုင်းရင်းသားလူမျိုးများ၏ ထုံးတမ်းစဉ်လာ အမျိုးသားပွဲများ၊ ယဉ်ကျေးမှုပွဲများက သက်သေပြလျက်ရှိပေသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအားလုံးသည် မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ထောင်ချီကာလကတည်းက အခြေချနေထိုင်ခဲ့သည့် မိသားစုဝင်များဖြစ်သည်။ လူမျိုးစုများစတင်ဖြစ်တည်နေထိုင်ခဲ့ကြသည့် အရပ်ဒေသများတွင် စုပေါင်းနေထိုင်ကြသည်ဆိုသော်လည်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ရခိုင်၊ ရှမ်း တိုင်းရင်းသားများအားလုံးတို့မှာ မိသားစုအိမ်ကြီးအတွင်းအတူယှဉ်တွဲရောယှက် နေထိုင်ကြသဖြင့် မိသားစုဟုခေါ်ဆိုထိုက်သည်။

 

တိုင်းရင်းသားအားလုံးတို့သည် လူ့သဘာဝအရ ရေကြည်ရာ မြက်နုရာရွှေ့ပြောင်းနေထိုင်ကြရာ မြန်မာပြည်တွင်သာမက ကမ္ဘာတွင်ပါ ပျံ့နှံ့နေသဖြင့် ကမ္ဘာ့ရွာကြီးဟုပင် ခေါ်ဆိုလာကြသည်။ မည်သို့ပင် အနေကွဲပြားစေကာမူ အမိမြန်မာနိုင်ငံအတွင်းမှ သက်ဆင်းပေါက်ဖွားလာကြသည်ဖြစ်၍ တစ်မိသားစုဝင်အချင်းချင်း ချစ်ခင်ရင်းနှီး ပေါင်းသင်းဆက်ဆံကြရမည်သာဖြစ်သည်။ လူဟူသည်မှာ လူတစ်ကိုယ်၊ စိတ်တစ်မျိုးစီဖြစ်၍အခန့်မသင့်သည့်အခါ စိတ်သဘောကွဲပြားကြသည်များရှိသလို သွေးခွဲမှုကြောင့် ကွဲပြားတတ်သည်လည်း ရှိပေလိမ့်မည်။

 

မည်သို့ရှိစေ မိသားတစ်စုတည်းဖြစ်သည့် ပင်ကို ရိုးသားခြင်း၊သစ္စာရှိခြင်း၊ ပွင့်ပွင့်လင်းလင်း နေထိုင်တတ်ခြင်းဟူသော ရှေးဘိုးဘေးဘီဘင်တို့၏ လက်ဆင့်ကမ်းအမွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက် ကြရမည်ဖြစ်သည်။ ကရင်အမျိုးသားတို့၏ နှစ်ပေါင်းထောင်ချီ ဖြတ်သန်းလာခဲ့သည့် သမိုင်းကြောင်းနှင့် အလားတူ ကျန်တိုင်းရင်းသားအားလုံးတို့၏ ချစ်ခင်နှစ်လိုဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာယဉ်ကျေးမှုအမွေအနှစ်၊ ကောင်းမွန်သည့် ဓလေ့ထုံးတမ်းစဉ်လာများ ကိုသားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ရမည်မှာ မိသားစုဝင်အားလုံး၏ သမိုင်းပေးတာဝန်ပင်ဖြစ်သည်။

 

တိုင်းရင်းသားများ စည်းလုံးညီညွတ်မှု အားကောင်းသည့်အခါ အမိမြန်မာနိုင်ငံတော်ကြီး ဂုဏ်ယူဝငြွ့်ကားဖွယ် ထည်ထည်ဝါဝါ ရပ်တည်နိုင်သည်ကို ဂုဏ်ယူရမည်ဖြစ်သလို စိတ်သဘောထား မတိုက်ဆိုင်မှုကြောင့်ဖြစ်စေ၊သွေးခွဲမှုကြောင့်ဖြစ်စေ ညီညွတ်မှုအားနည်းသည့်အခါ အမိမြန်မာနိုင်ငံတော်ကြီး အားအင်ချည့်နဲ့ရသည်ကို သင်ခန်းစာယူရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နှစ်ပေါင်းထောင်ချီ အရှည်တည်တံ့ခိုင်မြဲလာသော အမိမြန်မာနိုင်ငံတော်ကြီးအတွင်းမှ တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် တိုင်းတစ်ပါးသားတို့ သွေးခွဲမှုများ၊ နှောင့်ယှက်စွက်ဖက်မှုများကို သင်ခန်းစာယူသတိမူကာ ကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲသော ပြည်ထောင်စုကြီးအဖြစ် ညီညွတ်စွာ လက်တွဲရပ်တည်နိုင်ကြပါစေဟုနှစ်သစ်တောင်းဆု ခြွေအပ်ပါသည်။