နှစ်သစ်ကူးညပိုင်းတွင် ထိခိုက်ဒဏ်ရာရရှိသူများရောက်ရှိလာပါက အရေးပေါ်ကုသပေးနိုင်ရန် မန္တလေးဆေးရုံကြီးတွင်ကြိုတင်ပြင်ဆင်ထား

မန္တလေး  ၃၀  ဒီဇင်ဘာ 
 
 
မန္တလေးမြို့တွင် ၂၀၁၈ခုနှစ်မှ ၂၀၁၉ခုနှစ်သို့ ကူးပြောင်းရောက်ရှိမည့် ဒီဇင်ဘာ(၃၁)ရက် နှစ်သစ်ကူး ညပိုင်းအချိန်တွင် ယာဉ်မတော်တဆဖြစ်မှုနှင့် ခိုက်ရန် ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများပြားရောက်ရှိလာပါက အချိန်မီ ကုသပေးနိုင်ရန် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
 
 
ကြိုတင်ပြင်ဆင်မှုများအနေဖြင့် အရေးပေါ်ကုသဌာန၊ အရိုးနှင့်ဆိုင်သည့် ကုသ ရေးဌာန၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှုဌာန၊ မျက်နှာနှင့်မေးရိုး၊ ခံတွင်းခွဲစိတ် ကုသမှုဌာများနှင့် ဌာနအလိုက်လိုအပ်သည့် ဝန်ထမ်းများ တာဝန်ချထားရန်နှင့် လက်ရှိဝန်ထမ်းအပြင် အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များနှင့် သူနာပြု များကို ထပ်မံ၍တိုးမြင့်ချထားရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်မိုးက ပြောကြားခဲ့သည်။
 
 
“ဒီဇင်ဘာ(၃၁)ရက်နေ့ညမှာထိခိုက်ဒဏ်ရာရရှိသူတွေ ရောက်လာခဲ့ရင် အချိန်မီ ကုသပေးနိုင်ဖို့အတွက် ပုံမှန်တာဝန်ကျအင်အားထက် ပိုမိုပြီး တိုးမြင့်ချ ထားပါတယ်။ ဒါ့အပြင် အရေးပေါ်ဌာနနဲ့ ဆက်နွှယ်နေတဲ့ဌာနတွေဖြစ်တဲ့ ခွဲစိတ်ကုသမှုဌာန၊ ဓာတ်ခွဲ/ ဓာတ်မှန်ဌာန၊ သွေးလှူဘဏ်၊ လူနာတင်ယာဉ်များနဲ့ ထောက်ပံ့ရေးဆိုင်ရာ မီး၊ ရေပြု ပြင်ထိန်းသိမ်းရေးဌာန၊ ဆေးဝါးထောက်ပံ့ရေးဌာနတွေမှာ မူလတာဝန်ကျအင်အား ထက်အရန်အင်အားတွေ တိုးမြင့်ချထားပေးတဲ့အပြင် ထိခိုက် ဒဏ်ရာရပြီး ရောက်ရှိ လာတဲ့ သူတွေကို သယ်ယူပို့ဆောင်ကုသပေးနိုင်ဖို့အတွက် လုပ်သားအင်အားတွေကို လည်း မူလထက် ပိုမိုတာဝန်ချပေးထားတယ်”ဟု ၎င်းကပြောသည်။
 
 
 
ထို့အပြင် ယင်းနေ့မတိုင်မီ သက်ဆိုင်ရာ အရေးပေါ် ကုသပေးသည့် ဌာနများအတွက် လိုအပ်သောဆေးဝါးများကို ကြိုတင်ထုတ်ပေးထားပြီး အရန်ဆေးဝါး များကိုလည်း သိုလှောင်ထားရှိကာ ဝယ်ယူသင့်သည့်ပစ္စည်းများကိုလည်း ကြိုတင် ဝယ်ယူစုဆောင်းထားရှိပြီး ရောက်ရှိလာသည့် လူနာများအား လိုလေသေးမရှိ ကုသ ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
 
 
မန္တလေးမြို့တွင် ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာ(၃၁)ရက်နှစ်သစ်ကူး ညပိုင်းက ယာဉ်မ တော်တဆဖြစ်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရရှိသူ(၆၁)ဦးရောက်ရှိခဲ့ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသူ(၄)ဦးရှိခဲ့ကြောင်း ဆေးရုံကြီးမှတ်တမ်းများအရသိရသည်။
 
 
မန္တလေးမြို့နေပြည်သူလူထုအနေဖြင့် နှစ်သစ်ကူး ဒီဇင်ဘာ(၃၁)ရက် ညပိုင်းတွင် မန္တလေးတောင်၊ ကျုံးအရှေ့တောင်ထောင့်၊ ကျုံးရေပန်းအလှ၊ မနော်ရမ္မံကွင်း၊ ဦးပိန် တံတားနှင့် မန္တလေးကန်တော်ကြီးတို့တွင် ည(၁၂)နာရီအချိန်အထိ စောင့်ဆိုင်း၍ နှစ်သစ်ကို ကြိုဆိုလေ့ရှိသည်။
 
 
မင်းထက်အောင်(မန်းကိုယ်ပွား)